ထိုင်းတွေက အဖွဲ့လိုက်အလုပ်လုပ်တာကို ဘာကြောင့်သဘောကျလဲ ၊ ထိုင်းမှာ အလုပ်လုပ်နေပြီဆိုရင် ဒါက ဘာလို့ အရေးကြီးတာလဲ။ အလုပ်တာဝန်ကျေဖို့ လိုသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတွဲညီဖို့လဲ လိုတာကြောင့် ဒီနေ့ လုပ်ငန်းခွင်က ထိုင်းတွေရဲ့ ပေါင်းသင်းဆက်ဆံရေး ဓလေ့ကို ပြောပြပါမယ်။
အလုပ်လုပ်ရင်း တခါတရံ “ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်တာဝန်ပဲ။ ကိုယ့်ဘာသာလုပ်ပြီး ပြီးသွားရင်ရပြီ” ဆိုပြီး သီးသန့်လုပ်ချင်တဲ့ခံစားချက်မျိုး ရနိုင်ပါတယ်။ဒါပေမဲ့ ထိုင်းနိုင်ငံမှာတော့ အဖွဲ့နဲ့အတူ လုပ်တတ်တဲ့သူကို ပိုသဘောကျပါတယ်။စက်ရုံထဲမှာပဲဖြစ်ဖြစ် ၊ဆောက်လုပ်ရေးမှာပဲဖြစ်ဖြစ်၊ ဟိုတယ်၊ စားသောက်ဆိုင်တွေမှာပဲဖြစ်ဖြစ် အဖွဲ့လိုက်လုပ်ဆောင်တတ်တာက သီးခြားတစ်ဦးတည်းနေတာထက် ယုံကြည်မှုရလွယ်ပြီး၊ ရင်းနှီးမှုရလွယ်တာမို့ အခွင့်အလမ်းအသစ်တွေ အမြဲပေါ်လာနိုင်ပါတယ်။
ထိုင်းတွေက အလုပ်တစ်ခုမှာ တစ်ယောက်တည်းနဲ့အောင်မြင်တာထက် တစ်ဖွဲ့လုံး ပူးပေါင်းပြီး အောင်မြင်တာကို ပိုတန်ဖိုးထားကြပါတယ်။အဲ့ဒါ့အပြင် အဖွဲ့သားတွေအချင်းချင်း ယုံကြည်မှုရှိရမယ်၊ အကူအညီပေးတတ်ရမယ်၊ မိသားစုလို အပြန်အလှန်ဂရုစိုက်တတ်ဖို့လည်း လိုပါတယ်။ ဒါတွေက လုပ်ငန်းခွင်အတွင်း ဆက်ဆံရေးကို ပိုအဆင်ပြေလာစေမှာပါ။
ဒါကြောင့် ကိုယ်တွေအနေနဲ့လည်း ဒီလိုအဖွဲ့လိုက်စနစ်ကို လေးစားဖို့လိုပါတယ်။ ကိုယ်တစ်ယောက်ထဲ တစ်သီးတစ်ခြားလုပ်မယ်ဆိုရင် အဖွဲ့နဲ့ သဟဇာတ မဖြစ်နိုင်ပါဘူး။အဖွဲ့နဲ့ပေါင်းတတ်တာ၊အဖွဲ့အတွက်ကြိုးစားတတ်တာဆိုတာက ထိုင်းအလုပ်ခွင်မှာ “လူကောင်းတစ်ယောက်” လို့ သတ်မှတ်တာပါပဲ။အဖွဲ့လိုက် အလုပ်လုပ်တတ်မှသာ မြန်မြန်ဆန်ဆန် ယုံကြည်မှုရနိုင်မယ်၊ အလုပ်ခွင်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရနိုင်မှာဖြစ်ပါတယ်။
ကိုယ်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေချိန်မှာ ကိုယ့်အလုပ်ကျွမ်းကျင်မှုတစ်ခုပဲရှိနေတာထက် အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုရှိတာက ပိုအရေးကြီးပါတယ်နော်။
Ref : NNroad