အလုပ် စာရွက်များ ၇ ရက်အတွင်း စစ်ရန်လို 

ထိုင်းနိုင်ငံ လယောင်မြို့မှာရှိတဲ့ အလူမီနီယံ ခဲဖတ် စက်ရုံကနေ လုပ်ခလစာမပေးပဲ အကြောင်းမဲ့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော်ရဲ့ လုပ်ခလစာတွေ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမား ၃၀၀ ကျော်ဟာ ကြားစပ်ကုမ္ပဏီမှတစ်ဆင့် အလူမီနီယမ် ခဲဖတ် စက်ရုံမှာ တစ်နှစ်ခန့် လုပ်ကိုင်ခဲ့ပြီးနောက် အလုပ်ဖြုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဇွန်လ ၁ရက်နေ့မှာတော့ စက်ရုံဘက်မှ စာရင်းမှာပါတဲ့ အလုပ်သမား ၆၅ ဦးကိုသာ လက်ခံတော့မယ်လို့ဆိုတာကြောင့် ကျန်တဲ့ အလုပ်သမား ၂၀၀ ကျော်အနေနဲ့ အကြောင်းမဲ့အလုပ်ထုတ်ခံလိုက်ရတာဖြစ်ပြီး လုပ်ခလစာ ၁ လစာ မရရှိတာကြောင့် အလုပ်သမားမဟာမိတ် WAG အဖွဲ့ထံ အကူညီတောင်းခံခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ စာရွက်စာတမ်းခ နဲ့ ကျန့်ခေါက်ကျန့်အော်ကိစ္စအားလုံးကို တာဝန်ယူဖြေရှင်းပေးခဲ့ပြီး အလုပ်မဆင်းရတဲ့ရက်တွေအတွက်လစာ  ၇၅ % ကိုလည်း ပေးဆောင်မယ်လို့ သိရပါတယ်။ 

ဇွန်လ ၁၃ ရက်နေ့မှာ WAG အဖွဲ့အနေနဲ့ အလုပ်သမားအခွင့်အရေးအတွက် ဆဝါဒီကန်ရုံးကို သွားရောက်ပေးခဲ့တာဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့မှာတော့ ကြားစပ်ကုမ္ပဏီက အလုပ်သမားတွေရဲ့ လုပ်ခလစာကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ WAG Myanmar အဖွဲ့ထံမှ သိရပါတယ်။

“မြန်မာပြည်သားအလုပ်သမားတွေအနေနဲ့ ပွဲစားတွေနဲ့ လုပ်တာမှာ သတိထားသင့်တယ်။ကိုယ့်ရဲ့ စာရွက် စာတမ်းတွေကို ၇ ရက်အတွင်း သေသေချာချာ စီစစ်စေချင်တယ်။ မလုပ်ပေးထားဘူးဆိုရင် ကိုယ်တိုင် မြို့နယ်အုပ်ချုပ်ရေး ရုံးတွေမှာ သွားရောက်စစ်ဆေးစေချင်တယ်။ တကယ်လို့ မလုပ်ပေးထားလို့ ကိုယ့်ရဲ့ စာရွက်စာတမ်းက သေသွားတယ်ဆိုရင် ကိုယ့်အတွက်ပဲ ထိခိုက်တယ်” လို့ WAG Myanmar က ကိုမုန်တိုင်းက ပြောပါတယ်။ 

အလုပ်သမားတွေအနေနဲ့ ရရှိရန်ကျန်သော လုပ်အားခ တစ်ဦးကို တစ်သောင်းကျော် ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

Share.
Leave A Reply

Exit mobile version