မလေးရှား သို့ သွားရောက်ဖို့အတွက် ထိုင်းနိုင်ငံကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ ၂၉  ဦးကို ကန်ချနာဘူရီမှာ ဖမ်းဆီးရမိခဲ့ပြီး၊ နောက်ထပ် ၁၉ ဦးကိုလည်း ယမန်နေ့က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ 

ဒီကနေ့ မနက် ၆ နာရီခန့်က စန်ကလာဘူရီမှ ကန်ချနာဘူရီကို သွားတဲ့လမ်းမှာ မသင်္ကာဖွယ် ယာဉ်တစ်စီးနဲ့ ပတ်သတ်ပြီး သတင်းရရှိတာကြောင့် စစ်ဆေးရာမှာ မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့  မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး ၊ အမျိုးသမီး ၁၃ ဦး ၊ စုစုပေါင်း ၂၉ ဦးကို ဖမ်းဆီးမိခဲ့တာပါ။ ယာဉ်မောင်း ကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး အလုပ်သမားတွေကို စစ်ဆေးရာမှာ မလေးရှားသို့သွားရောက်ရန်အတွက် တစ်ဦးကို ဘတ် ၇၀,၀၀၀ ခန့်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

စုံစမ်းမေးမြန်းမှုတွေအရ တရားမ၀င် မြန်မာအလုပ်သမားတွေဟာ ရန်ကုန်ကနေ ထွက်ခွာလာပြီး မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့အတွက် ထိုင်းနိုင်ငံ မှ ဖြတ်ကျော်စဉ် ဖမ်းဆီးခံခဲ့ရတာပါ။ဖမ်းဆီးခံရသူတွေကို ထောင်ဖာဖူမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ 

ဇွန်လ ၁၁ ရက်နေ့ကလည်း ကန်ချနာဘူရီမှာ ပစ်ကပ်ကားပေါ်ကနေ မြန်မာအလုပ်သမား ၁၉ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ ပစ်ကပ်ကားမောင်နှင်တဲ့ ယာဉ်မောင်းကလည်း အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး ၎င်းထံမှ မူးယစ်ဆေး ၃ ပြားကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်းအား စစ်ဆေးမေးမြန်းရာမှာ ရန်ကုန်မှထွက်ခွာလာတာဖြစ်ပြီး မလေးရှားသို့သွားရောက်ပို့ဆောင်ရန်အတွက် တစ်ဦးကို ဘတ် ၅၀၀ နဲ့ပို့ဆောင်ပေးတာဖြစ်ကြောင်း ပို့ပြီးပါက ဘတ် ၁၂၀၀၀ ထပ်ရမယ်လို့ သဘောတူထားကြောင်း သိရပါတယ်။ 

လက်ရှိမှာတော့ တရားမဝင်ဝင်ရောက်လာမှု မူးယစ်ဆေးသုံးစွဲမှု လက်ဝယ်တွေ့ရှိမှုနဲ့အရေးယူထားကြောင်း သိရပါတယ်။ 

ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ စစ်တပ်အဖွဲ့တွေက ထိုင်းနိုင်ငံကို တရားမဝင်ဖြတ်သန်းမှုတွေနဲ့ ပတ်သတ်ပြီး တင်းကျပ်စွာ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်သွားမယ်လို့လဲ ပြောဆိုခဲ့ပါတယ်။

သတင်း – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี, khaosod online

Share.
Leave A Reply

Exit mobile version