စာအုပ်စိမ်း လို့ခေါ်တဲ့ CI (Certificate of Identity) အကြောင်းမပြောခင် ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ခွင့်အကြောင်းအရင် သိထားရင် ပိုကောင်းပါတယ်။ ကိုယ်က အထောက်အထားမဲ့ အလုပ်သမားတစ်ယောက်ဆိုရင် ဒီနှစ်ခုကို ဦးစားပေးလုပ်ထားသင့်ပါတယ်။
ပန်းရောင်ကတ်ဆိုတာ ထိုင်းနိုင်ငံတွင်းနေထိုင်နေတဲ့ နိုင်ငံခြားသားမည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပေးတဲ့အထောက်အထားကတ်တစ်မျိုးဖြစ်ပါတယ်။ Certificate of Alien Registration လို့လည်း ခေါ်ပါတယ်။ အလုပ်လုပ်ခွင့် (Work Permit) ကတော့ ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့်ပြုတဲ့ အထောက်အထားဖြစ်ပါတယ်။
ဒီနှစ်ခုစလုံးကို ကိုယ့်ရဲ့ အလုပ်ရှင်သူဌေးက ပါဝင်လုပ်ဆောင်ပေးရတာ ဖြစ်ပါတယ်။ မြေပြင်မှာတော့ ပွဲစားများနဲ့လုပ်ကိုင်ကြပြီး ဒီအကြောင်းကိုတော့ မဖော်ပြတော့ပါဘူး။ဒီနှစ်ခုအကြောင်း သိပြီးပြီဆိုရင် စာအုပ်စိမ်းလို့ခေါ်တဲ့ CI ဘက် လှည့်လို့ရပါပြီ။
စာအုပ်စိမ်း (CI)
အထက်ကပြောခဲ့တဲ့နှစ်ခုက ထိုင်းအစိုးရကအသိအမှတ်ပြုထားတဲ့ အထောက်အထားတွေဖြစ်ပါတယ်။ စာအုပ်စိမ်းကတော့ မြန်မာနိုင်ငံအစိုးရကပါ အသိအမှတ်ပြုတဲ့ အထောက်အထား (Certificate of Identity) တစ်မျိုး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသားဒီလူရှိနေတယ်ဆိုတဲ့ အထောက်အထားဖြစ်ပါတယ်။
ယခင်က ရေကြည်ရာမြက်နုရာရွှေ့ပြောင်းနေထိုင်ရင်း ထိုင်းနိုင်ငံကို ဘာအထောက်အထားမှ မရှိဘဲ ရောက်လာကြသူတွေရှိပါတယ်။ မြန်မာနိုင်ငံက လာခဲ့တယ်ဆိုပေမယ့် မြန်မာနိုင်ငံကလူဖြစ်ကြောင်း တရားဝင်စာရွက်စာတမ်းအထောက်အထားဘာမှ မရှိပါဘူး။ ဒါပေမယ့် စာအုပ်စိမ်းလုပ်လိုက်တဲ့ အခါမှာ မြန်မာနိုင်ငံကလူဖြစ်ကြောင်း အထောက်အထားရသွားပါတယ်။ ဒီလိုရသွားတဲ့အတွက် မြန်မာနိုင်ငံကို လေယာဉ်နဲ့ဖြစ်ဖြစ်၊ ကုန်းလမ်းကဖြစ်ဖြစ် တခြားလူတွေလို တရားဝင် ပြန်ခွင့်ရသွားမှာဖြစ်ပါတယ်။
စာအုပ်စိမ်းကို ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) မရှိတဲ့သူတွေ၊ တစ်ခါမှမလုပ်ဖူးတဲ့သူတွေ လုပ်ကြပါတယ်။ သူက ထိုင်းနဲ့မြန်မာနိုင်ငံကြားမှာသာ တရားဝင်တဲ့ အထောက်အထားဖြစ်ပါတယ်။ ပတ်စ်ပို့ ကိုင်ထားသူလို ထိုင်းကလွဲပြီး တခြားနိုင်ငံတွေကို သွားလို့မရပါဘူး။