ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးအဖွဲ့ (BMA) က ၂၀၂၆ ခုနှစ် နှစ်သစ်ကူးပွဲတော်အတွက် လုံခြုံရေးအစီအမံတွေကို ကြေညာဖို့ ပြင်ဆင်နေပြီး မီးရှူးမီးပန်း ၊ မီးပုံးပျံတွေနဲ့ အလားတူ ပစ္စည်းတွေ ပစ်ဖောက်တာကို တားမြစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ပွဲတော်အတွင်း အရက်သေစာ ဆင်ဆင်ခြင်ခြင်သောက်သုံးကြဖို့ကိုလည်း ပြည်သူလူထုကို တိုက်တွန်းနှိုးဆော်သွားမှာဖြစ်ပြီး ပွဲတော်ကာလမှာ လုံခြုံရေးအတွက် ဒီအချက်ကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့တော်ဝန် ချက်ချတ်စစ်သီပန့်က ဒီဇင်ဘာ ၄ ရက်နေ့မှာ အစည်းအဝေးတစ်ခု ကျင်းပပြီး ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးသက်သာစေရေးဌာနက ပြင်ဆင်ထားတဲ့ နှစ်သစ်ကူး စီမံချက်ကို ဆွေးနွေးခဲ့တာပါ။ ဒီစီမံချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မီးရှူးမီးပန်းနဲ့ မီးပုံးပျံတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချဖို့နဲ့ အရေးပေါ်အခြေအနေမှာ အဖွဲ့အစည်းအားလုံး ပူးပေါင်းပြီး အကူအညီပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ BMA ဟာ မကြာခင်မှာ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး မီးရှူးမီးပန်း၊ နဲ့ မီးပုံးပျံ တွေကို ကောင်းကင်ပေါ် လွှတ်တင်တာကို လုံးဝ ပိတ်ပင် မှာ ဖြစ်ပါတယ်။
ဒုတိယမြို့တော်ဝန် ထဝီဒါကတော့ ခရိုင် ဒါရိုက်တာတွေကို အဓိက ကိစ္စနှစ်ခုကို အလေးထားဖို့ မှာကြားခဲ့ပါတယ်။ အကြောင်းကြားတာ နောက်ကျတာကြောင့် မီးလောင် သေဆုံးမှုတွေ ပိုများလာတာကို တွေ့ရတဲ့အတွက် အန္တရာယ်များတဲ့နေရာတွေကို စစ်ဆေးတာကို ပိုပြီး တင်းကျပ်ဖို့ နဲ့ အရင်လို သီးသန့် စောင့်ကြည့်ရေးစင်တာတွေ မလုပ်တော့ဘဲ ခရိုင်ရုံးတွေနဲ့ BMA ရဲ့ ဘေးအန္တရာယ် ကွပ်ကဲရေးရုံးတွေက ၂၄ နာရီလုံး ပူးပေါင်းလုပ်ဆောင်တဲ့ စနစ်ကိုပဲ အသုံးပြုသွားမှာဖြစ်တယ်လို့ khaosod သတင်းက ဖော်ပြထားပါတယ်။