အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (ACSC) နဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုအတုတွေနဲ့ လူတွေကို လိမ်လည်နေတဲ့ ဂိုဏ်းဝင် ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး နဲ့ ထိုင်းနိုင်ငံသား ၅ ဦး ပါဝင်ပြီး ဖမ်းဆီးခံရသူ အားလုံးကို ပြည်သူကို ပူးပေါင်းလိမ်လည်မှုနဲ့ ငွေကြေးခဝါချမှု အပါအဝင် ပြစ်မှုများစွာနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

ဒီအမှုမှာ နစ်နာသူတစ်ဦးဟာ အမျိုးသမီးတစ်ဦးနဲ့ Line Chat ကနေ စတင်သိကျွမ်းခဲ့တာပါ။ အဲ့ဒီအမျိုးသမီးဟာ ဆွဲဆောင်မှုရှိတဲ့ ပုံပန်းသဏ္ဌာန်နဲ့ ယုံကြည်ရတဲ့ ပုံစံမျိုး ဟန်ဆောင်ကာ ကမ္ဘာ့ရွှေဈေးကွက်မှာ ရေတို ရင်းနှီးမြှုပ်နှံဖို့ စည်းရုံးခဲ့ပြီး Binat Thailand နဲ့ Thai ID ဆိုတဲ့ အက်ပလီကေးရှင်းအတုတွေကို ဒေါင်းလုဒ်လုပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ သူမက ခေတ်ရေစီးကြောင်းကို ခွဲခြမ်းစိတ်ဖြာပေးမယ့်သူ ရှိကြောင်း အာမခံခဲ့ပြီး ရင်းနှီးမြှုပ်နှံသူအနေနဲ့ ငွေထည့်ဖို့ပဲ လိုတယ်လို့ ဆိုပါတယ်။ နစ်နာသူဟာ အကြိမ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ရာ စုစုပေါင်း ဘတ်ငွေ ၁၁ သန်းကျော် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ နစ်နာသူက အက်ပလီကေးရှင်းကို ပြန်သုံးဖို့ ကြိုးစားတဲ့အခါ သုံးမရတော့ဘဲ ဖုန်းထဲကနေ ပျောက်သွားတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီအမျိုးသမီးကို Line ကနေ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့တာကြောင့် လိမ်လည်ခံရပြီဆိုတာ သိခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဒီဂိုဏ်းဟာ လိမ်လည်ရရှိတဲ့ ငွေတွေကို လက်ခံဖို့အတွက် အဆင့်ဆင့်ရှိတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြတာပါ။ လိမ်လည်ငွေတွေကို ဘဏ်အကောင့်တွေကတစ်ဆင့် ဒစ်ဂျစ်တယ်ငွေကြေး (USDT) တွေအဖြစ် ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံသားကတော့ နစ်နာသူနဲ့တွေ့ဆုံကာ ငွေသား ၇.၂ သန်း ကို ကိုယ်တိုင် လက်ခံယူခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စုစုပေါင်း ဖမ်းဝရမ်းထုတ်ထားသူ ၇ ဦးထဲက ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ၁ ဦးကတော့ အခြားအမှုနဲ့  အကျဉ်းထောင်မှာ ရှိနေတာ ဖြစ်တယ်လို့ ပါတယ်။ ဖမ်းဆီးရမိသူတွေထံမှ ငွေသား ၁.၂ သန်းနီးပါး၊ ရွှေလက်ကောက်၊ ဖုန်း ၇ လုံး၊ ကား ၂ စီး အပါအဝင် ပစ္စည်းအမြောက်အများ ကို သိမ်းဆည်းရမိခဲ့ပြီး ဘန်ခမ်း ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ Inside Thailoand ကဖော်ပြပါတယ်။

Share.
Leave A Reply

Exit mobile version