ရာချ့်ဘူရီခရိုင်မှာ တရားမဝင် မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ Toyota Fortuner ကားတစ်စီး တိမ်းမှောက်ပြီး လူ ၉ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ထွက်ပြေးသွားသူ ၄ ဦး ကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖို့ ရာ့ချ်ဘူရီခရိုင် ရဲမှူးချုပ်က တိုက်ရိုက်အမိန့်ပေးလိုက်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ရာ့ချ်ဘူရီခရိုင်၊ ပါ့ခ်ထုမြို့နယ်၊ ဆည်မြောင်းထဲကို Fortuner ကားတစ်စီး ထိုးကျသွားခဲ့တာပါ။ ကားထဲမှာ သေဆုံးသူ ၉ ဦး တွေ့ရှိခဲ့ပြီး သူတို့အားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံမျက်မြင်သက်သေတွေရဲ့ အဆိုအရ ကားတိမ်းမှောက်ပြီးနောက် အသက်ရှင်ကျန်ရစ်သူ ၄ ဦးဟာ အနက်ရောင် ပစ်ကပ်ကားတစ်စီး နဲ့ အခင်းဖြစ်နေရာကနေ ချက်ချင်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။ ရဲမှူးချုပ်က ဒီဖြစ်စဉ်ကို အလေးထားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အဲ့ဒီ ၄ ဦးကို အမြန်ဆုံး ရှာဖွေစစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။သူတို့ ၄ ဦးဟာ ဘယ်သူတွေလဲဆိုတာနဲ့ တိမ်းမှောက်ခဲ့တဲ့ ကားမောင်းသူရော ပါဝင်သလားဆိုတာကို စစ်ဆေးမေးမြန်းသွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သေဆုံးသူ ၉ ဦးရဲ့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို သိရှိနိုင်ဖို့ အလောင်းတွေကို မှုခင်းဆေးပညာဌာနကို ပို့ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ဒါ့အပြင် ကားမှန်တွေ ကွဲအက်သွားတဲ့အတွက် နောက်ထပ် သေဆုံးသူတွေ ကားထဲကနေ ရေစီးနဲ့ ပါသွားနိုင်ခြေ ရှိ၊မရှိကို စစ်ဆေးဖို့အတွက် ရေငုပ်သမားအဖွဲ့ကိုလည်း အသင့်ပြင်ဆင်ထား တယ်လို့ matichon သတင်းအရ သိရပါတယ်။  

Share.
Leave A Reply

Exit mobile version