လေထုညစ်ညမ်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အိမ်ကနေအလုပ်လုပ်ကြနဲ့ စနစ်မှာ ပါဝင်ကြဖို့ အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငနးတွေကို ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးဌာနက အကူအညီတောင်းခံလိုက်ပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူအက်ခ်ဝါရန်ယူရဲ့ ပြောကြားချက်အရ PM2.5 များပြားရတဲ့ အဓိက အကြောင်းရင်းက အအေးဓာတ်ကြောင့် လေထုက ပိတ်ဆို့နေပြီး ဖုန်မှုန့်တွေ လေထဲမှာ ဖိသိပ်စုဝေးနေခြင်း၊ အင်ဂျင်မကောင်းတဲ့ ဒီဇယ်ကားဟောင်းတွေကနေ မီးခိုးနဲ့ ဖုန်မှုန့်တွေ အများဆုံး ထုတ်လွှတ်ခြင်းနဲ့ အိမ်နီးချင်းပြည်နယ်နဲ့ နိုင်ငံတွေကနေ လေတိုက်ပြီး ပါလာတဲ့ ဇီဝဒြပ်ထု မီးခိုးတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
PM2.5 ပြဿနာကို ဖြေရှင်းဖို့ WFH စနစ်ကို အဓိက ကူညီတောင်းခံထားပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်ဖို့ ပုံစံ ၂ မျိုးနဲ့ တောင်းဆိုထားပါတယ်။ လိမ္မော်ရောင်အဆင့် ဖုန်မှုန့်ကို ခရိုင် ၃၅ ခရိုင် (၇၀% ခန့်) မှာ တွေ့ရှိပြီး လေဝင်လေထွက်လည်း မကောင်းဘဲ တစ်ရက်ကို မီးရှို့တဲ့နေရာ ၈၀ ထက်ကျော်ပြီး ၃ ရက်ဆက်တိုက် ရှိမှသာ WFH လုပ်ဖို့ ကြေညာတောင်းဆိုပါမယ်။၂၀၂၅ ဇန်နဝါရီကနေ ၂၀၂၆ မတ်လအတွင်းမှာတော့ တစ်ပတ်ကို အနည်းဆုံး ၁ ရက် WFH လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ WFH လုပ်တဲ့အတွက် ကားအသုံးပြုမှု လျော့ကျပြီး ထွက်ရှိလာမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချမှုကို သက်ဆိုင်ရာ အဖွဲ့အစည်းကနေ တွက်ချက်ပေးမှာပါ။
ဘန်ကောက်မြို့တော်စာရေးကတော့ ကျန်းမာရေး ထိခိုက်မှုတွေ လျော့ကျစေဖို့ ခရိုင် ၅၀ လုံးကို အောက်ပါအတိုင်း တင်းကျပ်စွာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
(၁) ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို ရေဖြန်းခြင်း၊ ဖုံးအုပ်ခြင်းတို့ လုပ်ခိုင်းမှာ ဖြစ်ပြီး ဆောက်လုပ်ရေးဝင်တဲ့ ၆ ဘီးအထက် ကားတွေ Green List မှာ မဖြစ်မနေ မှတ်ပုံတင်ရပါမယ်။
(၂) အမှိုက်နဲ့ မြက် မီးရှို့တဲ့နေရာ အထူးသဖြင့် ထပ်ခါတလဲလဲ မီးရှို့တဲ့ နေရာတွေကို တွေ့ရင် ချက်ချင်း အရေးယူမှာပါ။
(၃)ဘိလပ်မြေ ရောစပ်ခြင်း၊ Boiler သုံးခြင်း၊ ဇီဝဒြပ်ထု လောင်စာသုံးခြင်း စတဲ့ ဖုန်မှုန့် ထုတ်လွှတ်နိုင်တဲ့ လုပ်ငန်းတွေကို စံနှုန်းအတိုင်း လိုက်နာဖို့ တင်းကျပ်စွာ စစ်ဆေးမှာပါ။
(၄) လမ်းပိတ်ဆို့မှုကြောင့် ညစ်ညမ်းမှုတွေ ပိုမိုစုပုံတာကို ရှောင်ရှားဖို့ အဓိက/သေးငယ်လမ်းတွေမှာ ကားရပ်နားခြင်းကို လုံးဝ တားမြစ်ထားပါတယ်။
(၅) ညဘက် လမ်းတွေကို ပိုမိုရေဆေးပြီး ဖုန်မှုန့်တွေ စုပုံတာနဲ့ ပြန်လည်ပျံ့နှံ့တာကို ကာကွယ်သွားမှာပါ။
ဒ့ါအပြင် ကျောင်းတွေနဲ့ မူကြိုစင်တာတွေမှာ ပြင်ပ လှုပ်ရှားမှုတွေ ရပ်ဆိုင်းခိုင်းပြီး ကလေးငယ်တွေကို ဖုန်မှုန့်ကင်းစင်တဲ့ အခန်းတွေမှာ နေစေမှာ ဖြစ်ပါတယ်။ မျက်လုံးနီတာ၊ ယားယံတာ၊ အသက်ရှူရခက်တာ စတဲ့ လက္ခဏာတွေ တွေ့ရင် ဘန်ကောက်မြို့တော် ကျန်းမာရေးဌာနရဲ့ အရေးပေါ်ဖုန်းလိုင်း ၁၆၄၆ ကို ဆက်သွယ်ခေါ်ဆိုနိုင်တယ်လို့ matichon သတင်းအရ သိရပါတယ်။