ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဟာ ဒေသတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးတစ်ခုမှာ ဖေ့စ်ဘွတ်ကနေ မူးယစ်ဆေးဝါးရောင်းချနေတဲ့ မြန်မာလူငယ် တစ်ဦးကို စိတ်ကြွဆေးပြား ၁,၀၀၀ နဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

အဖမ်းခံရသူကတော့ နုမ်းဝမ် (Num Wan) လို့ လူသိများတဲ့ မစ္စတာ တဝမ် (Mr. Tawan)ဆိုသူဖြစ်ပြီး အသက် ၁၈ နှစ် ရှိပြီဖြစ်ပါတယ်။ သူဟာ ထိုင်းမှာ မွေးဖွားကြီးပြင်းတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင်တစ်ဦးဖြစ်ပြီး ထိုင်း၊ မြန်မာနှစ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါတယ်။လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မစ္စတာ တဝမ်ဟာ တရားမဝင်စာရွက်စာတမ်း မရှိဘဲ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

စမွတ်ဆာခွန် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဟာ နိုင်ငံခြားသား လုပ်သားတွေအကြား မူးယစ်ဆေးဝါး ရောင်းချတဲ့ ကွန်ရက်ကို စစ်ဆေးရင်း “နုမ်းဝမ်” ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်ကို ခြေရာခံမိခဲ့တာပါ။ သူဟာ Facebook ကနေတစ်ဆင့် လျှို့ဝှက်ရောင်းချပြီး ကော့ခမ်းခရိုင်၊ ဂျေ့တ်ဆဒါဝီထီ လမ်းပေါ်က အခန်းတစ်ခန်းကို ပို့ဆောင်တဲ့နေရာ အဖြစ် အသုံးပြုခဲ့တာပါ။ ဆေးပြားတွေကို ဆိုင်ကယ်ဦးထုပ် ထဲမှာ ဝှက်ထားပြီး တစ်ထုပ်ကို ၁၀ ပြားစီ ထည့်သွင်းဖြန့်ချိတယ်လို့ သိရပါတယ်။သူဟာ တစ်ရက်ကို စိတ်ကြွဆေးပြား ၅၀၀ ကနေ ၁,၀၀၀ အထိ တစ်နှစ်ကျော်ကြာအောင် ဖြန့်ဖြူးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၂ နာရီမှာ စမွတ်ဆာခွန် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က မစ္စတာ တဝမ်ရဲ့ အခန်းကို ဝင်ရောက်ရှာဖွေခဲ့ပြီး စိတ်ကြွဆေးပြား (ယာဘ) ၁,၀၀၀ ပြား ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးကို ဖြန့်ဖြူးရောင်းချရန် လက်ဝယ်ထားရှိမှုနဲ့ နိုင်ငံခြားသားတစ်ဦးအနေဖြင့် ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်မှုတွေနဲ့ အမှုဖွင့်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူဖို့အတွက် ကော့ခမ်းရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။

Share.
Leave A Reply

Exit mobile version