ထိုင်းရဲ့ အနိမ့်ဆုံးလုပ်ခနှုန်းထား စရမည်

ကမ္ဘောဒီးယားလုပ်သားတွေ ပြန်သွားလို့ ဖြစ်လာတဲ့ လုပ်သားရှားပါးမှုကို ဖြေရှင်းဖို့ မြန်မာဒုက္ခသည်စခန်းက လုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ တောကြက်မောက်(လုံငန်) သီးခြံတွေမှာ တရားဝင် ဝင်ရောက်လုပ်ကိုင်နေပါပြီ။ နိုဝင်ဘာလ ၆ ရက်နေ့ သတင်းအရ မြန်မာလုပ်သား ၂၀၁ ဦးကို ကန်ချနပူရီခရိုင်၊ ဘန့်တွန်ယန်း ယာယီခိုလှုံရာစခန်းကနေ ခေါ်ယူပြီး ချန်သပူရီ – စကဲဝို နယ်စပ်က အသီးစိုက်ခင်းကြီးတွေမှာ အသီးသီးခူးဆွတ်တဲ့ အလုပ်ကို စတင်လိုက်တာပါ။ 

ဒီလုပ်သားအားလုံးဟာ တစ်နှစ်စာချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဥပဒေနဲ့အညီ ဝင်ရောက်လာတာဖြစ်ပါတယ်။ သူတို့ဟာ လိုင်စင်၊ လူမှုဖူလုံရေးနဲ့ ကျန်းမာရေးအာမခံအတွက် စုစုပေါင်း ၂,၁၀၀ ဘတ် ပေးသွင်းရပြီး ရရှိမယ့် လုပ်ခလစာကတော့ ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခနှုန်းထား အတိုင်းပဲ ဖြစ်ပါတယ်။ အလုပ်မစခင်မှာ လုံငန်သီးခူးဆွတ်ဖို့ လိုအပ်တဲ့ သင်တန်းတွေကိုလည်း ကောင်းကောင်းမွန်မွန် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတင်ပို့တဲ့ ကုမ္ပဏီတစ်ခုရဲ့ ဝယ်ယူရေးတာဝန်ခံက ဒီလုပ်သားတွေဟာ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုနဲ့ အားထုတ်မှု အထူးကောင်းမွန်တာကြောင့် ရလဒ်တွေက အားရစရာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

အထူးသဖြင့် တရုတ်နှစ်သစ်ကူးအတွက် လုံငန်သီးရိတ်သိမ်းရာမှာ သူတို့က အဓိက အင်အားဖြစ်လာမယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ဈေးကွက်က ထိုင်းလုံငန်သီးကို အလွန် လိုအပ်နေဆဲဖြစ်လို့ပါ။ လုပ်သားတွေကို ခြံအထိ လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ဘန့်တွန်ယန်း စခန်းဥက္ကဋ္ဌ ကတော့ အလုပ်ခန့်တဲ့ဘက်နဲ့ ပူးပေါင်းပြီး ဥပဒေလုပ်ထုံးလုပ်နည်း အဆင့်တိုင်းကို စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။ လုပ်သားတွေဟာ အချိန်မီ ရိတ်သိမ်းနိုင်ဖို့ နဲ့ ခိုလှုံရာစခန်းက မိသားစုတွေဆီ ဝင်ငွေပြန်ပို့ဖို့ ရည်ရွယ်ထားကြတယ် လို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ လူဦးရေ ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ လောက်ရှိပြီး အဲဒီထဲက ၅၀,၀၀၀ ကျော်ဟာ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် ထိုင်းလုပ်သားဈေးကွက်ထဲ ဝင်ရောက်ဖို့ အသင့်ရှိနေတယ်လို့ ခန့်မှန်းရတယ်လို့ matichon သတင်းက ဖော်ပြပါတယ်။ 

Share.
Leave A Reply

Exit mobile version