ဖရာနခွန်စီအယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်၊ အာရှလမ်းမကြီးထွက်ပေါက်ရှိ ဖရာပင်း ၉ ရွာစီမံကိန်းရှေ့ လမ်းကူးမျဉ်းကျားပေါ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်က ဆေးရုံကပြန်လာတဲ့ မြန်မာနိုင်ငံသားတစ်ဦး ဆိုင်ကယ်တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 

ပထမတစ်ဦးကတော့ အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ပြီး လမ်းဖြတ်ကူးနေစဉ်မှာ ဆိုင်ကယ်နဲ့ အရှိန်ပြင်းပြင်း ဝင်တိုက်ခံရတာကြောင့် ပြင်းထန်တဲ့ ဒဏ်ရာတွေရပြီး သတိမေ့မြော နေခဲ့တာကြောင့်  ကယ်ဆယ်ရေးအဖွဲ့တွေက ရှေးဦးပြုစုမှုတွေလုပ်ပြီး ရာချ်ဌာနီဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ နောက်တစ်ဦးကတော့ အသက် ၃၃ နှစ်အရွယ် မော်တော်ဆိုင်ကယ်မောင်းနှင်သူ ထိုင်းအမျိုးသား ဖြစ်ပြီး ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် သူ့ကိုလည်း ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကင်မရာမှတ်တမ်းတွေအရ ဒဏ်ရာရသူ မြန်မာအမျိုးသားဟာ လမ်းကူးမျဉ်းပေါ်ကနေ ဖြတ်ကူးနေစဉ်မှာကိုပဲ ဆိုင်ကယ်က တည့်တည့် ဝင်တိုက်ခဲ့တာကြောင့် နှစ်ဦးစလုံး လဲကျပြီး လမ်းပေါ်မှာ ပွတ်တိုက်သွားခဲ့တာကို ရှင်းရှင်းလင်းလင်း တွေ့ရှိရတယ်လို့ တိုပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ မြန်မာနိုင်ငံသားကတော့ ဓားဒဏ်ရာရလို့ ဆေးရုံသွားပြီး ဆေးထည့်ပြီးခါစမှာပဲ အဆောင်ကိုပြန်ဖို့ လမ်းကူးမျဉ်းပေါ်က ဖြတ်ကူးရင်း အခုလို ဆိုင်ကယ်နဲ့ ထပ်မံတိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

အမှုစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ကတော့ ဆိုင်ကယ်မောင်းသူကို ခေါ်ယူပြီး အသေးစိတ် စစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့က ယာဉ်အသုံးပြုသူတိုင်း အထူးသဖြင့် ဆိုင်ကယ်မောင်းနှင်သူတွေအနေနဲ့ လမ်းကူးမျဉ်းတွေကို မြင်တာနဲ့ အရှိန်လျှော့ပြီး လမ်းဖြတ်ကူးသူတွေကို ဦးစားပေးဖို့ လိုအပ်တယ်လို့ အသိပေးထားကြောင်း ch7 သတင်းမှာဖော်ပြပါတယ်။ 

Share.
Leave A Reply

Exit mobile version