ဘူရီရမ်ခရိုင်မှာ စံချိန်မမီတဲ့ ဆံပင်အခြောက်ခံစက်ကြောင့် ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် နောက်ဆက်တွဲအနေနဲ့ စက်မှုဝန်ကြီးဌာနဟာ လျှပ်စစ်ပစ္စည်း မှောင်ခိုဂိုဒေါင်တစ်ခုကို ဒီကနေ့မှာပဲ ဝင်ရောက်စီးနင်း သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟာ DSI အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန နဲ့ ပူးပေါင်းပြီး ပထုန်ဌာနီ ခရိုင်၊ ခလောင်းလူဝမ်မြို့နယ်ထဲက ဂိုဒေါင်တစ်ခုကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒီဂိုဒေါင်ဟာ သေဆုံးသွားတဲ့ကလေးရဲ့မိခင်က TikTok ကနေ ၈၉ ဘတ်နဲ့ ဝယ်ယူခဲ့တဲ့ တရုတ်စာတွေပဲပါပြီး စံချိန်မမီတဲ့ ဆံပင်အခြောက်ခံစက်တွေကို ဖြန့်ချိတဲ့ အဓိကနေရာဖြစ်တယ်လို့ စုံစမ်းတွေ့ရှိရတာကြောင့် ဖြစ်ပါတယ်။

စစ်ဆေးရေးအဖွဲ့ဟာ စံမမီတဲ့ ဆံပင်အခြောက်ခံစက်ပေါင်း ၃၀,၀၀၀ ကျော်အပါအဝင် လျှပ်စစ်ပစ္စည်းမျိုးစုံနဲ့ လက်သည်းအခြောက်ခံစက်တွေပါ စုစုပေါင်း တစ်သိန်းကျော် ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီပစ္စည်းတွေဟာ အိမ်နီးချင်းနိုင်ငံကနေ မှောင်ခိုလမ်းကြောင်းတွေကတစ်ဆင့် တရားမဝင် ဝင်ရောက်လာတာလို့ သိရပါတယ်။ ဒုတိယဝန်ကြီးကတော့ ပြည်သူ့အသက်အန္တရာယ်ကို လျစ်လျူရှုပြီး အကျိုးအမြတ်ရှာတဲ့ လုပ်ငန်းရှင်တွေကို အပြင်းအထန် အရေးယူသွားမယ်လို့ တိတိကျကျ ပြောဆိုခဲ့ပါတယ်။ 

ဒီဖြစ်စဉ်မှာ ဂိုဒေါင်ပိုင်ရှင်ကတော့ ဝင်ရောက်ပတ်သက်မှုမရှိဘူးလို့ ရှင်းပြပါတယ်။ ၎င်းအနေနဲ့ ဂိုဒေါင်ကို တစ်နှစ်စာချုပ်နဲ့ ထိုင်းလူမျိုးတစ်ဦးကို ငှားရမ်းထားတာသာဖြစ်ပြီး အတွင်းက ကုန်ပစ္စည်းတွေရဲ့ အမျိုးအစားနဲ့ တရားဝင်မှုကို မသိရှိခဲ့ဘူးလို့ ဆိုပါတယ်။ အာဏာပိုင်တွေ စစ်ဆေးတာကိုလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း khaosod သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version