စမတ်ခ ဘတ် ၁၉,၀၀၀ ပေးထားရသူများ ပါဝင်
ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင် အတွင်းရှိ ခယ်ခွန်း စက်ရုံ တစ်ခုကနေ မြန်မာလုပ်သား တစ်ထောင့်ငါးရာကျော်ကို ကြိုတင်အသိမပေးဘဲ ဒီကနေ့ အလုပ်ဖြုတ်လိုက်တယ်လို့ သိရပါတယ်။ အဖြုတ်ခံရတဲ့ အလုပ်သမားတွေထဲမှာ စမတ်ခ လို့ ခေါ်တဲ ပွဲစားခအဖြစ် ဘတ် ၁၉၀၀၀ လောက်အထိ ပေးထားသူတွေပါဝင်နေပြီ အချို့လုပ်သားတွေဟာ စက်ရုံမှာ လုပ်သက် ၃ လခန့်သာ ရှိသေးသူတွေ ဖြစ်နေပါတယ်။
အလုပ်သမားတွေကို အလုပ်ဖြုတ်ကြောင်း စက်ရုံက အကြောင်းကြားပြီးနောက် ရဲတွေကို ခေါ်ယူ စောင့်ကြည့်ခိုင်းနေတာကြောင့် စက်ရုံတွင်းလုပ်သားတွေရဲ့ လုံခြုံရေးစိုးရိမ်စရာ ဖြစ်နေတယ်လို့ စက်ရုံတွင်းမှာ ရှိနေသေးတဲ့ အလုပ်သမားတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။ အလုပ်သမားတွေ နဲ့ စက်ရုံကြား ကူညီဖြေရှင်းပေးဖို့ အလုပ်သမားကာကွယ်ရေးမဟာမိတ်အဖွဲ့ MHAC က လက်ရှိမှာ သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။
“ခုချိန်ထိကတော့ အထဲမှာ ညှိနှိုင်းနေကြတုန်းပဲ။ အလုပ်သမားတွေနဲ့တော့ မတွေ့ရသေးဘူး။ ဖုန်းနဲ့တော့ အဆက်အသွယ်ရှိတယ်။ သူတို့ကလျော်ကြေးပေးပြီး အလုပ်ထုတ်ပေမယ့် အလုပ်သမားတွေအနေနဲ့ကလည်း စမတ်ခအများကြီးပေးပြီး အလုပ်ဝင်ခဲ့ရတာဆိုတော့ လက်မခံနိုင်ကြတာပါ” လို့ စက်ရုံရှေ့မှာ စောင့်နေတဲ့ MHAC အဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောပြပါတယ်။
လူမှုကွန်ရက်က ဗီဒီယိုရုပ်သံတွေအရ စက်ရုံတာဝန်ရှိသူတွေဟာ လျော်ကြးကို လက်ခံသူတွေအနေနဲ့ သဘောတူညီမှုယူပြီးအိမ်ပြန်နိုင်ပြီလို့ ပြောပေမယ့် အလုပ်သမား အများစုက သဘောမတူတာကြောင့် စက်ရုံဝန်းထဲကနေ မထွက်ခွာကြသေးတာ တွေ့ရပါတယ်။