ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်မှာ ယာဉ်တိမ်းမှောက်မှုကြောင့် တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားအမျိုးသမီး ၁ ဦးနဲ့ ယာဉ်မောင်း ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် နံနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ တိုယိုတာ အင်နိုဗာ (Toyota Innova) ကားတစ်စီးဟာ ပထုန်ဌာနီခရိုင်အတွင်းရှိ လမ်းမကြီးပေါ်မှာ လမ်းလယ်က ကွန်ကရစ် အတားအဆီးတွေကို တိုက်မိပြီး ရေမြောင်းထဲ ထိုးကျသွားတာ ဖြစ်ပါတယ်။
ကားပေါ်မှာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၉ ဦး ပါဝင်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသား ၁ ဦးနဲ့ မြန်မာလုပ်သား အမျိုးသမီး ၁ ဦးတို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကျန် ၇ ဦးကတော့ ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ယာဉ်မောင်းဟာ လမ်းမရှည်ပြီး အလင်းရောင်မရှိတဲ့အတွက် အိပ်ငိုက်ပြီး မောင်းနှင်ခဲ့တာကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ ဒါ့အပြင် သေဆုံးသူများနဲ့ ဒဏ်ရာရရှိသူများမှာ တရားဝင်ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများ မတွေ့ရှိရတဲ့အတွက် တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ဌာနကို ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့ကလည်း ယာဉ်ပိုင်ရှင်နဲ့ ဒဏ်ရာရရှိသူတွေကို စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ matichon သတင်းအရ သိရပါတယ်။