ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား လက်ကောက်ဝတ် ဖြတ်တောက်ခဲ့တဲ့ မြန်မာတစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။ ရဲတပ်ဖွဲ့က ဒီအမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၈ ဦးကိုလည်း စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ စက်တင်ဘာလ ၁၆ ရက်နေ့ညက ချင်းမိုင်မြို့၊ ဆန်ကမ်ဖိုင်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦးနဲ့ သူ့သူငယ်ချင်းနှစ်ဦးကို ဆိုင်ကယ်ဂိုဏ်းတစ်စုက ဓားနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် မိန်းကလေးရဲ့ လက်ကောက်ဝတ် ပြတ်တောက်သွားပြီး ကျန်သူငယ်ချင်းနှစ်ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အရေးပေါ်ခန်းမှာ ဆေးကုသမှုခံယူနေခဲ့ရပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ တိုက်ခိုက်မှုမှာပါဝင်တဲ့ အိုက်မောင်း (ခေါ်) အမ် ဆိုသူကို ဘန်ကောက်ကို ထွက်ပြေးဖို့ ကြိုးစားနေတုန်း လမ်ဖုန်ခရိုင်က မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။

လက်ရှိမှာတော့ အိုက်မောင်းကို လူတစ်ဦးရဲ့ ကိုယ်လက်အင်္ဂါကို ပြင်းပြင်းထန်ထန် ထိခိုက်စေမှုနဲ့ လက်နက်ကိုင်ဆောင်မှုတွေစတဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ လက်ရှိအချိန်အထိတော့ အဓိကတရားခံတစ်ဦး လွတ်မြောက်နေသေးတာကြောင့် ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ch7 သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version