ဘတ်ငွေ ၅ သိန်းနီးပါး ဆုံးရှုံး

ဘန်ကောက်မြို့က အသက် ၈၃ နှစ်အရွယ် အဖွားအိုတစ်ဦးဟာ ဖုန်းကနေ ငွေလိမ်လည်တဲ့ ဂိုဏ်းကို အကြိမ်ကြိမ်ငွေလွှဲပေးနေခဲ့တာကြောင့် ရဲတွေက သွားရောက်တားဆီးခဲ့ပေမဲ့ ရဲတွေကို မယုံကြည်ပဲ ငွေတွေထပ်လွှဲလိုက်တာကြောင့် အချည်းနှီး ဖြစ်ခဲ့ရပါတယ်။ ဖြစ်စဉ်အရ ဘဏ်တစ်ခုက အဖွားအိုရဲ့ ဘဏ်အကောင့်ထဲက ငွေတွေ ပုံမှန်မဟုတ်ဘဲ လွှဲပြောင်းနေတာကို သတိပြုမိပြီး ရဲတွေကို အကြောင်းကြားခဲ့တာပါ။ 

ဒါကြောင့် ရဲတွေက စက်တင်ဘာလ ၁၀ ရက်နေ့ ညဘက်မှာပဲ အဖွားအိုရဲ့အိမ်ကို အရေးပေါ်သွားရောက်ခဲ့ကြပြီး ခြံတံခါးက သော့ခတ်ထားတာကြောင့် အထဲက အဖွားကို အခုဖုန်းပြောနေတဲ့သူတွေက လိမ်လည်နေတာဖြစ်ကြောင်းနဲ့ ငွေမလွှဲဖို့ အော်ဟစ်ပြောဆိုခဲ့ပေမဲ့ အဖွားအိုက ရဲတွေကို အယောင်ဆောင်တွေလို့ ထင်ခဲ့တာကြောင့်မယုံခဲ့ပါဘူး။ ဖုန်းထဲက လိမ်လည်သူတွေရဲ့ စကားကိုသာ နားယောင်ခဲ့ပါတယ်။ ရဲတွေရောက်လာပြီဆိုတာကိုတောင် ဖုန်းထဲကလူကို ပြောပြနေခဲ့ပါတယ်။ အဲဒီနောက် ဖုန်းထဲကလူက ရဲတွေဟာ အစစ်အမှန်မဟုတ်ကြောင်း ပြန်ပြောပြခဲ့ပုံရပါတယ်။

အဲဒီလိုနဲ့ ရဲတွေက အဖွားအိုကို နားချလို့မရတဲ့အတွက် ရပ်ကွက်လူကြီးကို ခေါ်ပြီး ထပ်မံကြိုးစားခဲ့ပါတယ်။ အဲဒီညမှာပဲ အဖွားအိုက လိမ်လည်သူတွေဆီကို ဘတ်ငွေ ၄၅၀,၀၀၀ ထပ်မံလွှဲပြောင်းပေးလိုက်ပါတယ်။ ဒီတစ်ကြိမ်ဟာ ငါးကြိမ်မြောက် ငွေလွှဲပေးမှုပါ။အဖွားအိုဟာ တစ်ပတ်အတွင်း အခုလိုမျိုး ငွေအကြိမ်ကြိမ် လွှဲခဲ့တာဖြစ်ပါတယ်။

  • စက်တင်ဘာ ၃ ရက်မှာ ဘတ်ငွေ ၃.၅ သန်း
  • စက်တင်ဘာ ၄ ရက်မှာ ဘတ်ငွေ ၄ သိန်း
  • စက်တင်ဘာ ၅ ရက်မှာ ဘတ်ငွေ ၃ သိန်း
  • စက်တင်ဘာ ၈ ရက်မှာ ဘတ်ငွေ ၃ သိန်း

ငွေလိမ်ခံရပြီးနောက် သုံးရက်အကြာမှာတော့ အဖွားက ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ ဘဏ်တွေနဲ့ပူးပေါင်းပြီး ဘတ်ငွေ ၂.၅ သန်းကို ပြန်လည်ထိန်းသိမ်းကာ အဖွားအိုကို ပြန်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဖွားအိုဟာ စုစုပေါင်း ဘတ်ငွေ ၄၉၅,၀၀၀ ဆုံးရှုံးခဲ့တယ်လို့ the nation သတင်းအရသိရပါတယ်။

Share.
Leave A Reply

Exit mobile version