၂ ရက်အတွင်း မြန်မာ ၃၀၀ နီးပါး ဖမ်းဆီးခံရ
ကန်ချနာဘူရီပြည်နယ်၊ သောင်ဖာပွန်မြို့နယ်မှာ ဒီကနေ့မနက်အစောပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြန်ပါတယ်။ဒီကနေ့မနက်ပိုင်းမှာတင် ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား စုစုပေါင်း ၂၀၀ နီးပါးရှိလာပါတယ်။ယမန်နေ့ကလဲ မြန်မာလုပ်သား ၁၀၀ နီးပါးအဖမ်းခံခဲ့ရပြီး ဒီရက်ပိုင်းအတွင်းမှာတင် ဖမ်းဆီးခံရသူ ၃၀၀ နီးပါးရှိလာတာဖြစ်ပါတယ်။
စုံစမ်းထောက်လှမ်းချက်အရ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို သယ်ယူပို့ဆောင်မယ့် ဗင်ကားတွေရှိကြောင်း သတင်းရရှိခဲ့လို့ ကင်းလှည့်နေရင်းကနေ ဖမ်းမိခဲ့တာပါ။သံသယရှိတဲ့ ဗင်ကားတွေဟာ စံခလဘူရီမြို့နယ်ဘက်ကနေ ကန်ချနာဘူရီမြို့ဘက်ကို မောင်းနှင်လာချိန်မှာ တာဝန်ရှိသူတွေက ရပ်တန့်စစ်ဆေးဖို့ အချက်ပြခဲ့ပေမဲ့ ကားတွေက မရပ်ဘဲ ထွက်ပြေးခဲ့လို့ အချိန်မီ လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရပါတယ်။
ဖမ်းဆီးရမိသူ စုစုပေါင်း ၁၁၃ ဦးမှာ အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၃၈ ဦးနဲ့ အဖော် ၂ ဦး ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ကို သယ်ဆောင်လာတဲ့ တိုယိုတာ ဗင်ကား ၃ စီးနဲ့ လူပွဲစား ထိုင်းလူမျိုး၂ ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။စစ်ဆေးမေးမြန်းမှုအရ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ အတွင်းပိုင်းပြည်နယ်တွေမှာ အလုပ်သွားလုပ်ဖို့ ဖြစ်ပြီး ပွဲစားတွေကို ခရီးစရိတ်အဖြစ် တစ်ဦးကို ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေအားလုံးကို သောင်ဖာပွန်ရဲစခန်းမှာ ဥပဒေအရ အရေးယူနိုင်ဖို့ လွှဲပြောင်းပေးအပ်ထားတယ်လို့ ထိုင်းသတင်းမှာဖော်ပြထားပါတယ်။