လာခေါ်သူများက ထားခဲ့ပြီး ထွက်ပြေး

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ သောင်ဖာပွန်မြို့နယ်မှာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားသုံးစီးကို ဖမ်းဆီးရမိခဲ့ပြီး ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းမှာရှိတဲ့ အလုပ်ခွင်တွေဆီကို သွားရောက်ဖို့ ရည်ရွယ်ထားကြတာဖြစ်ပြီး ခရီးစရိတ်အနေနဲ့ လုပ်သားတစ်ဦးကို ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက တရားမဝင်လုပ်သားတွေ တင်ဆောင်လာမယ့် ကားတွေ ဖြတ်သန်းသွားလာမယ်ဆိုတဲ့ သတင်းရရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက လမ်းကြောင်းတစ်လျှောက်မှာ စောင့်ဆိုင်းနေခဲ့တာပါ။ အဲဒီနောက်မှာ မီးပိတ်ရပ်ထားတဲ့ ကား ၄ စီးကိုတွေ့တော့ ဝင်ရောက်စစ်ဆေးဖို့ ကြိုးစားခဲ့ပေမဲ့ ကားတစ်စီးက အရှိန်ပြင်းပြင်း မောင်းထွက်သွားတာကြောင့် တာဝန်ရှိသူတွေရဲ့ကားကိုတောင် တိုက်မိလုနီးပါးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ကား ၃ စီးကိုတော့ ထားခဲ့ပြီး ကားမောင်းသူတွေက တောထဲကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။

ထိုင်းအာဏာပိုင်တွေက ကား ၃ စီးကို စစ်ဆေးကြည့်တဲ့အခါမှာ မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦး နဲ့အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၃ ဦးကို တွေ့ရှိခဲ့ရပြီး သူတို့ဟာ မြန်မာနိုင်ငံရဲ့ မြို့အသီးသီးကနေ ဖားတလောင်မြို့မှာ စုဝေးခဲ့ကြတာပါ။ အဲဒီကနေသဘာဝလမ်းကြောင်းကနေတစ်ဆင့်ဆန်ခလာဘူရီမြို့နယ်ကို ဖြတ်ကျော်ဝင်ရောက်လာကြတာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူဖို့အတွက် သောင်ဖာပွန် ရဲစခန်းကို ပို့ဆောင်ခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ ကားမောင်းသူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ကား ၃ စီးကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းထားတယ်လို့ MGR သတင်းအရ သိပါတယ်။

Share.
Leave A Reply

Exit mobile version