ငွေလိမ်ဂိုဏ်များနှင့် ဆက်စပ်မှု ရှိ၊မရှိ စစ်နေ

ဒစ်ဂျစ်တယ် စီးပွါးရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာန (DES) ဟာ mule အကောင့်တွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတာကြောင့် ယာယီရပ်ဆိုင်းခံထားရတဲ့ ဘဏ်အကောင့်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေကို အရေးပေါ် ဖြေရှင်းပေးဖို့အတွက် “အရေးပေါ်စောင့်ကြည့်ရေးဌာန” တစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။

ယာယီရပ်ဆိုင်းခြင်းသာဖြစ်ပြီး အပြီးတိုင် ရပ်ဆိုင်းခြင်း မဟုတ်

လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စတွေဟာ ဘဏ်အကောင့်တွေကို အပြီးတိုင် ရပ်ဆိုင်းတာမျိုး မဟုတ်ဘဲ သံသယရှိတဲ့ ငွေပမာဏကို စစ်ဆေးဖို့အတွက် ယာယီရပ်ဆိုင်းထားခြင်း သာ ဖြစ်တယ်လို့ DES ရဲ့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။ အကယ်၍ စစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်ထားတာ မရှိဘူးဆိုတာ သေချာရင် ရပ်ဆိုင်းထားတဲ့ ငွေတွေကို ဘဏ်အကောင့်ပိုင်ရှင်ဆီ ပြန်လည် ထုတ်ပေးမှာဖြစ်ပါတယ်။ အပြီးတိုင် ရပ်ဆိုင်းတာကိုတော့ ရဲတပ်ဖွဲ့ရဲ့ အမိန့်၊ ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ တရားရုံး လုပ်ထုံးလုပ်နည်းတွေနဲ့သာ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

အရေးပေါ် စောင့်ကြည့်ရေးဌာနက ဘယ်လို ကူညီပေးမလဲ

ဒီဌာနကို DES၊ ထိုင်းဘဏ်၊ ထိုင်းဘဏ်လုပ်ငန်းရှင်များ အဖွဲ့ချုပ်၊ ဆိုက်ဘာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (Amlo) တို့က ပူးပေါင်း ဖွဲ့စည်းထားတာပါ။ အရေးပေါ်စောင့်ကြည့်ရေးဌာနဟာ အပြစ်မဲ့တဲ့ သူတွေနဲ့ ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူတွေကို ခွဲခြားပြီး အမြန်ဆုံး ဖြေရှင်းပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘယ်လို ဆက်သွယ်နိုင်လဲ 

ဒီလို ဘဏ်အကောင့် ရပ်ဆိုင်းခံရတာနဲ့ ပတ်သက်ပြီး အကူအညီ လိုအပ်ရင် သက်ဆိုင်ရာ ဒေသခံရဲစခန်းတွေကို ဆက်သွယ်နိုင်သလို hotlines 1441 နဲ့ 095-425-7478 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ ဘဏ်အကောင့် ရပ်ဆိုင်းမှု ရုတ်သိမ်းတဲ့အခါ ဘဏ်ကနေသာ ဘဏ်အကောင့်ပိုင်ရှင်ကို တိုက်ရိုက် အကြောင်းကြားမှာဖြစ်ပြီး တခြား အဖွဲ့အစည်းတွေကနေ ဖုန်းခေါ်ဆိုမှာ မဟုတ်ဘူးဆိုတာကို သတိပြုဖို့တိုက်တွန်းထားကြောင်း Bangkok post သတင်းမှာ ဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version