ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းကဘန်ကောက်မြို့ရှိ နာမည်ကျော် တိရစ္ဆာန်ရုံတစ်ခုမှာ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦး ခြင်္သေ့တွေရဲ့ တိုက်ခိုက်တာကို ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
နံနက် ၁၁ နာရီခန့်က တိရစ္ဆာန်ရုံဝန်ထမ်းဟာ ကားပေါ်မှဆင်းပြီး လမ်းပေါ်ပြုတ်ကျသွားတဲ့ ပစ္စည်းတစ်ခုကို ကုန်းကောက်နေစဉ် နောက်ကျောမှ ခြင်္သေ့တစ်ကောင်က ရုတ်တရက် ခုန်အုပ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို တိုက်ခိုက်ခံရပြီးတဲ့နောက် ခြင်္သေ့ ၃-၄ ကောင်ခန့် ထပ်မံရောက်ရှိလာကာ ဝိုင်းဝန်းကိုက်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ တိရစ္ဆာန်ရုံကို လာရောက်လည်ပတ်နေတဲ့ နိုင်ငံခြားသား ခရီးသွားတွေအပါအဝင် ဧည့်သည် အများအပြားက အဆိုပါဖြစ်ရပ်ကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ၎င်းတို့အနေနဲ့ ကားဟွန်းတီးခြင်းနဲ့ အော်ဟစ်အကူအညီတောင်းခြင်းများ ပြုလုပ်ပြီး ခြင်္သေ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ခြင်္သေ့တွေက ဝန်ထမ်းကို ၁၅ မိနစ်ခန့်ကြာအောင် ဆက်တိုက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိရစ္ဆာန်ရုံဝန်ထမ်းတွေက အချိန်မီ ကယ်ဆယ်ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဝန်ထမ်းဟာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။