စက်တင်ဘာလ ၈ ရက်နေ့က ကန်ချနပူရီမြို့မှာ ကုန်တင်ကားတစ်စီးဟာ  မြို့လယ်နားက လမ်းဘေးမှာ မြန်မာလုပ်သား ၂၀၀ နီးပါးကို ချထားခဲ့ပြီးနောက် ပစ်ကပ်ကားတွေနဲ့ လာရောက်ခေါ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။တစ်ချို့ကိုတော့ ပစ်ကပ်ကား ၃ စီးနဲ့ လာရောက်ခေါ်ဆောင်သွားခဲ့တာကြောင့် လွတ်မြောက်သွားခဲ့ပြီး ကျန်ရှိနေတဲ့ မြန်မာ လုပ်သား ၇၅ ဦးကတော့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

ဒေသခံတွေရဲ့ သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့တွေဟာ နေရာကို ချက်ချင်းသွားရောက်ခဲ့ကြပြီး လမ်းဘေးနားက ဟင်းသီးဟင်းရွက်ခင်းတွေနဲ့ တောအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ လုပ်သားအများအပြားကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာပဲ အလုပ်သမားတွေကို ဆက်လက်ခေါ်ယူဖို့အတွက် ပစ်ကပ်ထရပ်ကား ၃ စီး ရောက်လာခဲ့ပါတယ်။ ရဲတွေ ရောက်လာတာကို တွေ့တော့ ကားတွေက အလုပ်သမားအချို့ကို တင်ဆောင်ပြီး မြို့ထဲကို မောင်းပြေးသွားခဲ့ပြီး မိုးတွေအရမ်းရွာနေတာကြောင့် ရဲတွေလည်း မလိုက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ တောအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား ၇၅ ဦးကိုတော့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ သူတို့အားလုံးက စာရွက်စာတမ်းတွေလဲ မပါသလို ထိုင်းစကားလဲ မပြောတတ်ကြပါဘူး။ 

စစ်ဆေးမေးမြန်းမှုတွေအရ ဖမ်းမိတဲ့အလုပ်သမားတွေဟာ နယ်စပ်ကနေ ခိုးဝင်လာခဲ့ကြတာဖြစ်ပြီး ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ဖို့အတွက် တစ်ဦးကို ဘတ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ  ပွဲစားတွေကို ပေးခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ အလုပ်သမားအများအပြားဟာ ပွဲစားတွေလက်ထဲမှာ ငွေနဲ့ စာရွက်စာတမ်းတွေ ပေးအပ်ထားရပြီး အလုပ်နေရာရောက်မှ ပြန်ပေးမယ်ဆိုပြီး ကတိခံထားရတာဖြစ်ပါတယ်။

လက်ရှိမှာ အာဏာပိုင်တွေက ဖမ်းမိတဲ့အလုပ်သမားတွေကို ဥပဒေအရ အရေးယူပြီး မကြာခင်မှာ နေရပ်နိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version