ထိုင်းနိုင်ငံမှာ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ဘန်ကောက်အပါအဝင် ဒေသအတော်များများမှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကို သတိထားဖို့ မိုးလေဝသဌာနက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့မှာ မိုးသည်းထန်စွာ ဆက်တိုက် ရွာနေတာကြောင့် ပြည်နယ် ၄၉ ခုမှာ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားနိုင်ခြေ ၇၀% အထိ ရှိတယ်လို့ သတိပေးထားပါတယ်။ 

ထိုင်းမိုးလေဝသဌာနက ဒီလို ပြင်းထန်တဲ့ မိုးတွေဟာ မနက်ဖြန် စက်တင်ဘာ ၇ ရက်နေ့အထိ ဆက်လက်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ရေစီးကြောင်းတွေအနီးက တောင်ကုန်းဒေသတွေနဲ့ နိမ့်တဲ့နေရာတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိထားဖို့လိုပြီး မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

ဘန်ကောက်နဲ့ အနီးဝန်းကျင်မှာ ၇၀% လောက် မိုးကြိုးမုန်တိုင်းတွေ ကျရောက်နိုင်ပြီး တချို့နေရာတွေမှာတော့ မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။ ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ တက်ခ်နဲ့ ဖစ်ချ်ဘွန်အပါအဝင် အခြား ပြည်နယ်တွေမှာ မိုးကြိုးမုန်တိုင်းတွေ ၄၀% လောက် ရွာနိုင်ပါတယ်။ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း) တို့မှာ ၆၀%  ကနေ ၇၀ % အထိ  မိုးသည်းထန်နိုင်စွာ ရွာသွန်းနိုင်ပါတယ်။

အန်ဒမန်ပင်လယ်အထက်ပိုင်းမှာ လှိုင်းတွေ ၂ မီတာအထိ မြင့်နိုင်ပြီး မိုးကြိုးမုန်တိုင်းတွေ ရှိတဲ့နေရာမှာတော့ ပိုမြင့်နိုင်ပါတယ်။ ဒါကြောင့် လှေငယ်တွေအနေနဲ့ အန္တရာယ်ရှိတဲ့ နေရာတွေဖြစ်တဲ့ အန်ဒမန်နဲ့ ပင်လယ်ကွေ့အထက်ပိုင်းတို့မှာ သွားလာခြင်းကို ရှောင်ရှားသင့်တယ်လို့ Thaiger သတင်းမှာဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version