ထိုင်းနိုင်ငံ၊ အူဒုံဌာနီခရိုင်မှာ စစ်သားတစ်ဦးက လမ်းဘေးမှာ ပိုက်ဆံ ၉,၀၀၀ ဘတ် ကောက်ရခဲ့ပြီးနောက်မှာ ရဲစခန်းကို သွားရောက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။ ဒီစစ်သားဟာ ၂၄ နှစ်အရွယ် ချန်ကန် ပီဝမ်နာ ဖြစ်ပြီး ဘန်ကောက်မြို့က စစ်တပ်စခန်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။
အဲဒီနေ့က သူဟာ မိသားစုကိစ္စအတွက် အိမ်ကိုခွင့်ပြန်လာတာဖြစ်ပြီး မြို့ထဲမှာ ကားမောင်းနေတုန်း လမ်းပေါ်မှာ ပလတ်စတစ်အိတ်တစ်ခု ပြုတ်ကျနေတာကို သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအိတ်ကို ကောက်ယူပြီး ကြည့်လိုက်တဲ့အခါ ဘတ် ၁,၀၀၀ တန် ၉ ရွက်၊ စုစုပေါင်း ဘတ် ၉,၀၀၀ ပါဝင်နေတာကို တွေ့ခဲ့ရတာကြောင့်
အဲဒီပိုက်ဆံတွေကို သူ့အတွက် မယူဘဲ ရဲစခန်းကို သွားရောက်အပ်နှံခဲ့ပါတယ်။
ဒီလိုလုပ်ရတဲ့အကြောင်းရင်းကို မေးမြန်းတဲ့အခါ “ဘတ် ၉,၀၀၀ က များတယ်ဆိုပေမယ့် ကျွန်တော့်မှာလည်း လောက်လောက်ငင ရှိပါတယ်။ ပိုက်ဆံပိုင်ရှင်က စိတ်ဆင်းရဲပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရမယ်လို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် ဒေသခံပြည်သူတွေက သူ့ကို အထူးချီးကျူးခဲ့ကြပြီး ပိုက်ဆံပိုင်ရှင်ကိုလည်း မြို့နယ်ရဲစခန်းမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ အသိပေးထားကြောင်း khaosod သတင်းမှာဖော်ပြထားပါတယ်။
