ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ချိုင်ချနားက ရွှေ့ပြောင်းလုပ်သားတွေကို တကယ်တမ်း ကျန်းမာရေးစစ်ဆေးမှုမလုပ်ဘဲ လက်မှတ်အတုတွေ ထုတ်ပေးနေတဲ့ ဆေးရုံ ၄၁ ခုနဲ့ ဆရာဝန်တွေကို ဥပဒေအရ အရေးယူတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလို ထုတ်ပေးထားတဲ့ လက်မှတ်ပေါင်း ၃ သိန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းပြီး အဲဒီလက်မှတ်တွေ အားလုံးကို ပြန်ပြီး ရုပ်သိမ်းသွားမယ်လို့လည်း ပြောပါတယ်။ ဒီကိစ္စအတွက် နောက်ကြောင်းပြန်ပြီး အရေးယူနိုင်တယ်လို့လည်း ဒုဝန်ကြီးက အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

ခွင့်ပြုချက်မရှိတဲ့ ဆေးရုံများ 

စမွတ်ဆာခွန်ခရိုင်မှာ ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်းလုပ်သား ၁၅,၀၀၀ ကို ကျန်းမာရေးစစ်ဆေးပေးခဲ့တဲ့ ဆေးရုံတစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ အဲဒီဆေးရုံက ထုတ်ပေးထားတဲ့ လက်မှတ်အားလုံးကို ရုပ်သိမ်းဖို့ လုပ်နေပါတယ်။

ဥပဒေနဲ့မညီတဲ့ ဆေးရုံများ 

အလုပ်သမားဝန်ကြီးဌာနနဲ့ မှတ်ပုံတင်ထားတဲ့ ဆေးရုံ ၈၂ ခုထဲက ၄၁ ခုဟာ ဥပဒေနဲ့မညီတဲ့ လက်မှတ်တွေ ထုတ်ပေးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်  ဒီဆေးရုံတွေက လက်မှတ်ရထားတဲ့ လုပ်သားတွေဟာလည်း ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်သားတွေအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။

အခြားခရိုင်များမှ တွေ့ရှိချက်များ 

စမွတ်ဆာခွန်မှာပဲ နောက်ထပ် ဆေးရုံ ၂ ခုက တရားမဝင်လက်မှတ် ၃၀,၀၀၀ လောက် ထုတ်ပေးခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ပထုန်ဌာနီခရိုင်က ဆေးရုံတစ်ရုံကလည်း ၁၀,၀၀၀ ကျော် ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဥပဒေနဲ့မညီတဲ့ လက်မှတ်ရထားတဲ့ ရွှေ့ပြောင်းလုပ်သားဦးရေဟာ ၂ သိန်းကနေ ၃ သိန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သတင်း – PPTV 

Share.
Leave A Reply

Exit mobile version