ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့  မြန်မာအလုပ်သမား ၁၃ ဦးနဲ့ မြန်မာယာဉ်မောင်းတစ်ဦးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဝေးပြေးရဲတပ်ဖွဲ့ဟာ ချွန်းဖွန်ခရိုင်၊ ဆဝီမြို့နယ်နားမှာ ပစ်ကပ်ကားတစ်စီးကို သံသယရှိလို့ တားဆီးစစ်ဆေးရာမှ ဖမ်းမိခဲ့တာပါ။

အဆိုပါယာဉ်ဟာ လမ်းမပေါ်မှာ ပုံမှန်မဟုတ်ဘဲ မောင်းနှင်နေပြီး ကားမှန်တွေမှာလည်း မှန်အမည်းတွေ တပ်ထားတာကြောင့် ရဲတွေက မသင်္ကာဖြစ်ခဲ့တာပါ။ ဒါ့အပြင် ကားနောက်ဖက်ကိုပါ အုပ်အုပ်ထားတာကြောင့် မီးထိုးကြည့်လိုက်တဲ့အခါ ကားထဲမှာ လူတွေပြည့်သိပ်နေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးကြည့်ရာမှာ ယာဉ်မောင်းအပါအဝင် စုစုပေါင်း ၁၄ ဦးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားတွေအနေနဲ့  တရားဝင်နေထိုင်ခွင့် အထောက်အထားတွေလည်း မရှိကြဘူးလို့ ဆိုပါတယ်။ 

ယာဉ်မောင်းရဲ့ ထွက်ဆိုချက်အရ သူဟာ မွန်လူမျိုးပွဲစားတစ်ဦးဆီကနေ အလုပ်သမားတွေကို သွားကြိုဖို့ အကူအညီတောင်းခံခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာအလုပ်သမားတွေကို ချွန်ဖွန်မြို့ကနေ ဟတ်ယိုင်မြို့ကို ပို့ဆောင်ပေးရမှာဖြစ်ပြီး အခကြေးငွေ ဘတ် ၁၂,၀၀၀ ရရှိမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ယာဉ်မောင်းကို တရားမဝင်နေထိုင်သူတွေကို အကူအညီပေးမှုနဲ့ အမှုဖွင့်ထားပြီး အလုပ်သမားအားလုံးကို ဆဝီရဲစခန်းက စစ်ဆေးရေးမှူးဆီကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ လွှဲပြောင်းပေးခဲ့တယ်လို့ Highway police သတင်းအရ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version