ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီး ဖုန်ကဝင်က အနိမ့်ဆုံးလစာ ၄၀၀ ဘတ်တိုးမြှင့်မှုအတွက် ထိုင်းဟိုတယ်အသင်းမှ အုပ်ချုပ်ရေးတရားရုံးသို့ တရားစွဲဆိုဖို့ ပြင်ဆင်နေမှုနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ကို ရှင်းပြခဲ့ပါတယ်။

ဝန်ကြီးက လုပ်ခလစာကို အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရပါဝင်တဲ့  သုံးဖက်ဆိုင်ရာဘုတ်အဖွဲ့က သေသေချာချာ စဉ်းစားပြီးမှ တိုးမြှင့်ခဲ့တာဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ဟာ စနစ်တကျ မှန်ကန်ကြောင်း သူယုံကြည်တယ်လို့ ဆိုပါတယ်။ ဟိုတယ်လုပ်ငန်းရှင်တွေက လုပ်ခတိုးမြှင့်မှုကြောင့် စီးပွားရေးထိခိုက်နစ်နာရသည်ဟုဆိုကာ တရားစွဲဆိုဖို့ စီစဉ်နေတဲ့အပေါ် ဝန်ကြီးက သူတို့ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြောပါတယ်။ တရားရုံးက တရားစွဲဆိုမှုကို လက်ခံပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရင်တော့ အဲ့ဒီဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

အချို့သူတွေက ဒီလုပ်ခတိုးမြှင့်မှုဟာ မတရားဘူးလို့ ပြောဆိုနေကြပေမယ့် အလုပ်ရှင်ကိုယ်စားလှယ်တွေလည်း ဘုတ်အဖွဲ့မှာ ပါဝင်တဲ့အတွက် တရားမျှတတယ်လို့ ဝန်ကြီးက ယူဆပါတယ်။ လုပ်ခတိုးမြှင့်မှုကြောင့် ထိခိုက်နစ်နာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လျော်ကြေးပေးတာကတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ တာဝန်မဟုတ်ဘဲ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနတို့က ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ လိုအပ်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ချိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားခဲ့ကြောင်း khaosod သတင်းက ဖော်ပြပါတယ်။ 

photo-khaosod

Share.
Leave A Reply

Exit mobile version