ကိုယ့်ရဲ့လစာကို သူဌေးက ပေးမယ် ပေးမယ်နဲ့ နေ့ရွှေ့ရက်ရွှေ့လုပ်နေတာမျိုး လစာမပေးပဲ အလုပ်တွေဆက်ခိုင်းနေတာမျိုး ကြုံနေရလား။ ထိုင်းဥပဒေအရဆိုရင် တစ်လကို အနည်းဆုံးတစ်ကြိမ် လစာရှင်းကိုရှင်းပေးရမှာပါ။ အလုပ်သမားတွေဘက်ကလုပ်နိုင်မယ့် လုပ်ပိုင်ခွင့်တွေ၊ ဥပဒေတွေလည်းရှိပါတယ်။ လစာမရလို့အခက်အခဲကြုံနေရင် တိုင်ကြားဖို့အတွက် ကိုယ့်ဘက်က လုပ်ဆောင်လို့ရမယ့် အချက်တွေထဲ အရေးအကြီးဆုံးကတော့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရှိဖို့ပါပဲ။ ဘာတွေလဲဆိုတော့

အလုပ်စာချုပ်မိတ္တူ 

အလုပ်စဝင်တုန်းက ချုပ်ဆိုထားတဲ့ စာချုပ်မိတ္တူကို သိမ်းထားပါ။ 

သက်သေစုဆောင်းပါ 

လစာပေးဖို့ နောက်ကျနေကြောင်း ဒါမှမဟုတ် ပျက်ကွက်နေကြောင်း ပြသနိုင်တဲ့ မက်ဆေ့ချ်တွေ၊ အသံဖိုင်တွေ စတဲ့ သက်သေတွေကို စုဆောင်းပါ။

ကိုယ်ရေးအချက်အလက် 

ကိုယ့်ရဲ့ပတ်စ်ပို့၊ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) နဲ့ အလုပ်ရှင်ရဲ့နာမည်၊ ကုမ္ပဏီလိပ်စာတွေကိုလည်း မှတ်ထားပါ။

မျက်မြင်သက်သေ 

ကိုယ့်လိုမျိုး အခက်အခဲကြုံနေရတဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေရှိရင် သူတို့ရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ကိုပါ မှတ်ထားပါ။ ဖြစ်နိုင်ရင် ပူးပေါင်းလုပ်ဆောင်ပါ။

အကူအညီတောင်းခံပါ

အထောက်အထားတွေ ပြည့်စုံပြီဆိုရင်တော့ အကူအညီပေးနိုင်မယ့်အဖွဲ့အစည်းတွေကို ဆက်သွယ်ရပါမယ်။ အလုပ်သမားရုံးတွေမှာ သွားရောက်တိုင်ကြားဖို့ ဘာသာစကား အခတ်အခဲရှိတယ်ဆိုရင် ထိုင်းမှာ အလုပ်သမားရေးနဲ့ ပတ်သတ်ပြီး အကူအညီပေးနေတဲ့ မြန်မာအဖွဲ့အစည်းတွေရှိပါတယ်။ ဒီအဖွဲ့တွေကို ဆက်သွယ်ပြီး  အကူအညီတွေ ရယူနိုင်ပါတယ်။

ဒီလိုအဖွဲ့အစည်းတွေဆီ သွားတဲ့အခါ ခုနကပြောခဲ့တဲ့ အထောက်အထားတွေအားလုံးကို ယူသွားဖို့ မမေ့ပါနဲ့နော်။ တာဝန်ရှိသူတွေက ဖြေရှင်းပေးဖို့အတွက် လိုအပ်တဲ့ဥပဒေရေးရာကိစ္စတွေကို ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်ဟာ လစာကို အချိန်မီမပေးရင် ဒဏ်ငွေအမျိုးမျိုး ပေးဆောင်ရနိုင်ပါတယ်။

  • အလုပ်ရှင်အနေနဲ့ မပေးရသေးတဲ့ လစာအားလုံးကို ပြန်လည်ပေးလျော်ဖို့ အမိန့်ချခံရနိုင်သလို၊ အလုပ်သမားနစ်နာမှုအတွက် လျော်ကြေးငွေပါ ပေးရနိုင်ပါတယ်။
  • တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပြီး ထပ်ခါတလဲလဲ မလိုက်နာရင်တော့ လုပ်ငန်းပိတ်သိမ်းခံရတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။

လစာမရတဲ့အခါ ငြိမ်မနေပါနဲ့။ ကိုယ့်ရဲ့အခွင့်အရေးတွေကို သိရှိပြီး မှန်ကန်တဲ့လမ်းကြောင်းကနေ တောင်းဆိုမယ်ဆိုရင် ကိုယ့်ရဲ့ချွေးနဲစာကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။

Share.
Leave A Reply

Exit mobile version