ဖန်ငခရိုင်၊ တာကူအာသွန်မြို့နယ်ထဲက ပုစွန်မွေးမြူရေးခြံတစ်ခုမှာ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးဟာ ရေထုတ်စက်ထဲကို ခြေထောက်ညပ်ခဲ့တာကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

သြဂုတ်လ ၆ ရက်နေ့ မနက် ၁၁ နာရီ ၅၇ မိနစ်မှာ တာကူအာသွန် ဆေးရုံနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်နေရာကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာမှာ အသက် ၃၆ နှစ်အရွယ် မြန်မာလုပ်သားဟာ သတိလစ်နေတာမျိုးမရှိဘဲ စက်ထဲခြေထောက်ညပ်ပြီး နာကျင်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အောက်ဆီဂျင် ထုတ်လွှတ်ပေးတဲ့ ရေထုတ်စက်ရဲ့ လည်ပတ်နေတဲ့ သံချောင်းထဲမှာ သူ့ရဲ့ညာဘက်ခြေထောက် ညပ်နေတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေက အဆိုပါလုပ်သားကို နောက်ထပ်ဒဏ်ရာတွေမရအောင် ဂရုတစိုက်နဲ့ သတ္တုသံချောင်းကို ဖြတ်တောက်ခဲ့ရပြီး အချိန်အတော်ကြာ ကြိုးပမ်းပြီးတဲ့နောက်မှာတော့ သူ့ကို စက်ထဲကနေ ထုတ်ယူနိုင်ခဲ့ပြီး ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိ သူ့ရဲ့အခြေအနေကိုတော့ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။တာဝန်ရှိသူတွေက အဆိုပါ ဖြစ်စဉ်ဖြစ်ပွားချိန်မှာ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းတွေ ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ Thaiger သတင်း​ကဖော်ပြပါတယ်။လုပ်ငန်းရှင်တွေကိုလည်း ကိုယ့်ရဲ့စက်ပစ္စည်းတွေကို စစ်ဆေးဖို့နဲ့ အလုပ်သမားတွေကို ဘေးကင်းရေးဆိုင်ရာ သင်တန်းတွေ ပေးဖို့ တိုက်တွန်းထားပါတယ်။

Share.
Leave A Reply

Exit mobile version