ထိုင်းနိုင်ငံ ပထုန်ဌာနီပြည်နယ်အတွင်းရှိ ဇိမ်ခံအိမ်ရာတစ်ခုကို ရဲတပ်ဖွဲ့မှ စီးနင်းရှာဖွေမှု ပြုလုပ်ခဲ့ရာ Auto888vip အွန်လိုင်းလောင်းကစားကွန်ယက် ပိုင်ရှင်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူမှာ အသက် ၃၀ အရွယ်ရှိ နိုင်းထဝီဆက် ဟု ဖော်ထုတ်ထားပြီး ယင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် တစ်လလျှင် ကစားသူ ၃,၀၀၀ ခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၆ လတာအတွင်း တစ်လလျှင် ငွေထုတ်မှုပမာဏဟာ ဘတ် ၂၀ သန်းကျော် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အိမ်တွင်းမှ ရဲတပ်ဖွဲ့က ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ပစ္စည်းတွေအနေနဲ့ ငွေသား ဘတ် ၂၈.၅ သန်းခန့် ၊Benz CLS53 တစ်စီး(ဘတ် ၅ သန်း) ၊ BMW M4 တစ်စီး(ဘတ်၁၀သန်း) ၊ Patek Philippe နာရီတစ်လုံး (ဘတ် ၃ သန်း)၊ Rolex နာရီတစ်လုံး (ဘတ် ၆သန်း) ၊ စိန်နဲ့ လက်ဝတ်ရတနာ ( ဘတ် ၂သန်း) ၊ နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစားများ(ဘတ် ၆ သန်း) ၊လက်ကိုင်ဖုန်း ၃၀ လုံးခန့် ၊ ဘဏ်စာအုပ် ၆ အုပ်၊ အိမ်နှင့်မြေကွက် ( ဘတ် ၇ သန်း) စတဲ့ ပစ္စည်းအမျိုးမျိုးပါဝင်ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ်သန်း ၆၀ မှ ၇၀ အထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

လောင်းကစားဝက်ဘ်ဆိုက် လည်ပတ်မှုအတွက် အသုံးပြုခဲ့တဲ့ ဘဏ်စာရင်းများကိုလည်း တစ်ခုလျှင် ဘတ် ၈,၀၀၀ မှ ၁၀,၀၀၀ ဖြင့် ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ တစ်ရက်လျှင် ATM မှ ငွေ ဘတ် ၅ သိန်းမှ ၁ သန်းအထိ ထုတ်ယူလေ့ရှိပြီး ထိုငွေများကို အိမ်အတွင်း လျှို့ဝှက်သေတ္တာနဲ့ ခရီးအိတ်များထဲတွင် သိမ်းဆည်းထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အာဏာပိုင်တွေအနေနဲ့ ၎င်းအမှုနဲ့ဆက်စပ်ပတ်သက်နေတဲ့ တခြားပူးပေါင်းသူတွေနဲ့ အုပ်ချုပ်သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေပြီး၊ အွန်လိုင်းလောင်းကစားလုပ်ငန်းသုံးကွန်ယက်ကြီး တစ်ခုအဖြစ် ဖော်ထုတ်ရန် ကြိုးပမ်းနေတယ်လို့ matichon သတင်းအရ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version