ထိုင်းနိုင်ငံ၊ ရတ်ချဘူရီ ခရိုင်မှာ မြန်မာစုံတွဲနှစ်ဦး အလုပ်သွားစဉ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ မျက်နှာဖုံးစွပ်ထားတဲ့ လူလေးဦးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်နေ့ညသန်းခေါင်အချိန်မှာ အသက် ၃၁ နှစ်အရွယ် ဒေါ်ဝင်းနဲ့ သူ့ခင်ပွန်းဖြစ်သူတို့ဟာ ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် မျက်နှာဖုံးစွပ်နဲ့ လူ၄ ဦးရဲ့ ရုတ်တရက် တိုက်ခိုက်တာကိုခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါ်ဝင်းက “လူမှားနေတာလား၊ ကျွန်မတို့ ဘယ်သူနဲ့မှ ပြဿနာမရှိပါဘူး” လို့ လက်အုပ်ချီပြီး ပြောဆိုတောင်းပန်ခဲ့ပေမယ့် တိုက်ခိုက်သူတွေက နားမထောင်ဘဲ အမျိုးသမီးကို ဆိုင်ကယ်ပေါ်က ဆွဲချကာကန်ကျောက်ခဲ့ပြီး ကျန်တဲ့သူတွေကလည်း ခင်ပွန်းဖြစ်သူကို သစ်သားတုတ်တွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ ပြောပါတယ်။တိုက်ခိုက်မှုအပြီးမှာတော့ လူလေးဦးစလုံး ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကြောင့် ဒေါ်ဝင်းမှာ နဖူးဒဏ်ရာ၊ ပါးရိုးကျိုးတာနဲ့ နံရိုးနာကျင်တာတွေအပြင် ခန္ဓာကိုယ်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူမှာလည်း ခြေထောက်နဲ့ ကိုယ်ခန္ဓာမှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့စုံတွဲဟာ နောက်တစ်နေ့မှာ ရဲစခန်းကို သွားရောက်အမှုဖွင့်ခဲ့ကြပြီး ဒီဖြစ်ရပ်ကို လုံခြုံရေးကင်မရာမှတ်တမ်းတွေက အစအဆုံး ဖမ်းယူထားနိုင်ခဲ့ပြီး အထောက်အထားတွေကလည်း ရဲလက်ထဲမှာ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုအရ ဒေါ်ဝင်းတို့နဲ့ အိမ်နီးချင်းတစ်ဦးဟာ လွန်ခဲ့တဲ့လက ကားရပ်တာနဲ့ပတ်သက်ပြီး စကားများကာ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့ဖူးပေမဲ့ အဲဒီတုန်းက ရဲကို အကြောင်းကြားခဲ့တာတော့ မရှိဘူးလို့ ဆိုပါတယ်။ ရဲတွေက ဒီအိမ်နီးချင်းကို မေးမြန်းခဲ့ပေမယ့် တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ သူ အလုပ်သွားနေတာကြောင့် မသိရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ရဲအရာရှိတစ်ဦးကတော့ ဒီတိုက်ခိုက်မှုဟာ အလွန်ရက်စက်ပြီး ဥပဒေကို လုံးဝဂရုမစိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပြီး လက်ရှိမှာတော့ တိုက်ခိုက်သူလေးဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်တယ်လို့ khaosod သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version