ထိုင်းနိုင်ငံ၊ ချွန်ဖွန်မြို့နယ်မှာ မြန်မာအလုပ်သမားတွေကို မူးယစ်ဆေးဝါး ရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်မှာ ထမ်ဆင်ခရိုင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့ရဲ့ ရော်ဘာခြံမှာ အလုပ်လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ် အလုပ်သမားတစ်ဦးဟာ မူးယစ်ဆေးသုံးစွဲနေကြောင်း သတင်းရရှိခဲ့တာကြောင့် စစ်ဆေးမေးမြန်းရာမှာ အခြားမြန်မာနိုင်ငံသားတစ်ဦးဆီကနေ ဆေးပြား ၃ ပြားကို ဘတ် ၂၀၀ နဲ့ ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် အာဏာပိုင်တွေက ၎င်းအလုပ်သမားကို အသုံးပြုကာ လျှို့ဝှက်ဝယ်ယူဖို့ စီစဉ်ခဲ့ပြီး စောင့်ကြည့်နေချိန်မှာ သံသယရှိသူတွေဖြစ်တဲ့အသက် ၃၀ အရွယ်ရှိ မြန်မာအမျိုးသားနဲ့ အသက်၅၀ အရွယ်ရှိ မြန်မာ အမျိုးသမီးတစ်ဦးကို ၎င်းတို့နေအိမ်မှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးရမိသူ ၂ ဦးဆီကနေ ဆေးပြားတွေအပြင်၊ ဆေးရောင်းရငွေ ဘတ် ၆,၄၃၀ ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေအရ သူတို့နှစ်ဦးဟာ ရနောင်းမြို့နယ် နယ်စပ်ကနေ မြန်မာအေးဂျင့်တစ်ဦးဆီက ဆေးပြားတွေကို လက်ခံရယူပြီး မြန်မာအလုပ်သမားတွေဆီ ပြန်လည်ရောင်းချနေတာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။လက်ရှိမှာတော့ သံသယရှိသူနှစ်ဦးကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီးနောက် ချွန်ဖွန်မြို့မရဲစခန်းကို ပို့ဆောင်ပြီး တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။ 

ချွန်ဖွန်မြို့နယ်မှာ မြန်မာအလုပ်သမားတွေကြား မူးယစ်ဆေးပြဿနာက ပိုမိုဆိုးရွားလာနေပြီး ဒီအမှုမတိုင်ခင်ကလည်း မြန်မာနိုင်ငံသား မူးယစ်ဆေးရောင်းဝယ်သူ ၂ ဦးကို ဆေးပြား ၆,၀၀၀ ကျော်နဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးကလည်း ရနောင်းနယ်စပ်က မြန်မာအေးဂျင့်တစ်ဦးဆီက ဆေးတွေရရှိကြောင်း ထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။ 

သတင်း – mgr

Share.
Leave A Reply

Exit mobile version