ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားလုပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ စွပ်စွဲပြီး ထိုင်းပစ္စည်းတွေကို နိုင်ငံတကာကနေ သပိတ်မှောက်ဖို့အထိ တောင်းဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ ဝန်ကြီးဖုန်ကာဝင်က ဒီစွပ်စွဲချက်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်တာမဟုတ်ဘဲ လုပ်သားတွေအချင်းချင်း ရန်ဖြစ်တာ သာဖြစ်တယ်လို့ ရှင်းပြခဲ့ပြီး ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ILO ကို စာပို့ပြီး အခြေအနေမှန်ကို ရှင်းပြသွားမယ်လို့ ဆိုပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ ဘယ်နိုင်ငံက ရွှေ့ပြောင်းလုပ်သားကိုမှ ခွဲခြားဆက်ဆံတာမရှိဘဲ နိုင်ငံတကာ အလုပ်သမားဥပဒေတွေနဲ့အညီပဲ ဆက်ဆံကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေမှန်ကို ပိုပြီး သိရှိစေဖို့နဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ ဖိနှိပ်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေ မရှိဘူးဆိုတာကို သက်သေပြဖို့အတွက် ဩဂုတ်လ ၁ ရက်နေ့မှာ ထိုင်းစက်ရုံတွေနဲ့ လုပ်ငန်းခွင်တွေဆီကို ILO ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး လိုက်လံပြသသွားမယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအဖွဲ့က မှတ်ပုံတင်ထားတဲ့ ကမ္ဘောဒီးယားလုပ်သားတွေရဲ့ လုပ်ငန်းလိုင်စင်တွေကို ဩဂုတ်လ ၉ ရက်နေ့ကစပြီး သက်တမ်းတိုးပေးဖို့ အတည်ပြုထားတာကြောင့် နေရပ်ပြန်သွားတဲ့သူတွေလည်း တရားဝင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြန်လာနိုင်မှာပါ။ ကမ္ဘောဒီးယားလုပ်သားတွေ ထပ်မံထွက်ခွာသွားရင် အလုပ်သမားဈေးကွက်မှာ လိုအပ်ချက်တွေ မဖြစ်ရအောင် သီရိလင်္ကာလို တခြားနိုင်ငံတွေကနေ လုပ်သားတွေ ခေါ်ယူဖို့ အရန်စီမံကိန်း လည်း ထိုင်းဘက်က ရှိနေတယ်လို့ သိရပါတယ်။
သတင်း -thenation