ထိုင်းအလံကိုင်ကာ ဆဲရေးတဲ့ လက်ဟန်အမူအရာပြုလုပ်ပြီး အလံကိုမြေပေါ်ချနင်းခဲ့တဲ့ ကမ္ဘောဒီးယားအမျိုးသမီးနှစ်ဦးရဲ့ TikTok ဗီဒီယို ပျံ့နှံ့လာပြီးနောက် ပရာချင်ဘူရီပြည်နယ် ရဲမှူးချုပ် ၎င်းတို့နှစ်ဦးကို အမြန်ဆုံး ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ပရာချင်ဘူရီမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဖြစ်ခဲ့တာလို့ ယူဆထားကြပါတယ်။  

TikTok မှာ ပျံ့နေတဲ့ ဗီဒီယိုထဲမှာ ကမ္ဘောဒီးယားအမျိုးသမီးနှစ်ဦးဟာ ဆောက်လုပ်ရေးလုပ်သားတွေလိုပဲ အစိမ်းရောင် ရောင်ပြန်အင်္ကျီတွေ ဝတ်ထားပြီး ရင်ဘတ်မှာ “NT2C GROUP” လို့ ရေးထားတဲ့ တရုတ်စာတန်းတွေ ပါပါတယ်။ သူတို့နှစ်ဦးဟာ ထိုင်းအလံပုံစံ ကပ်ပြားတစ်ခုကို မြေကြီးပေါ်ချပြီး ကခုန်ရင်း နင်းခြေခဲ့ကြတာဖြစ်ပြီး ဒီဗီဒီယိုကို ဇူလိုင် ၂၉ ရက်က တင်ခဲ့တာလို့ သိရပါတယ်။ ပရာချင်ဘူရီရဲတပ်ဖွဲ့က သူတို့တာဝန်ယူထားတဲ့ ဧရိယာထဲက စက်မှုဇုန်အားလုံးကို စစ်ဆေးခဲ့ပေမယ့် “NT2C GROUP” လို့ နာမည်ပေးထားတဲ့ တရုတ်ဆောက်လုပ်ရေးကုမ္ပဏီ ဒါမှမဟုတ် ပုံထဲမှာပါတဲ့ အဆောက်အအုံပုံစံမျိုးကို  မတွေ့ခဲ့တာကြောင့် သက်ဆိုင်ရာရဲစခန်းအားလုံးကို ဒီကုမ္ပဏီဟာ ပရာချင်ဘူရီပြည်နယ်မှာ ရှိ၊ မရှိ ထပ်ပြီး စစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒီလုပ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတဲ့ နိုင်ငံတော်အလံကို စော်ကားတာ ဖြစ်လို့ ရာဇသတ်ကြီးပုဒ်မ ၁၁၈ အရ ပြစ်မှုမြောက်ပါတယ်။ ဒီပုဒ်မအရ နိုင်ငံတော်ကို စော်ကားဖို့ ရည်ရွယ်ပြီး အလံ ဒါမှမဟုတ် တခြားသင်္ကေတတွေကို ပြုလုပ်ရင် ထောင်ဒဏ် ၂ နှစ်ထက်မပိုတာ၊ ဒါမှမဟုတ် ဘတ်ငွေလေးသောင်းထက်မပိုတဲ့ ဒဏ်ငွေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ပြီး ရဲမှူးချုပ်က စုံစမ်းစစ်ဆေးရေးမှူးတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က နောက်ထပ်စုံစမ်းမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

သတင်း -matichon

Share.
Leave A Reply

Exit mobile version