ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ ဖန်မြို့နယ်မှာ ဇူလိုင်လ ၂၃ ရက်နေ့က ခွင့်ပြုချက်မရှိပဲ ဒူးရင်းသီးရောင်းတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားဟာ ဖန်မြို့နယ်ခွဲ ဝိယန်မြို့နယ်ခွဲမှာ ဆိုင်ကယ်တွဲယာဉ်နဲ့ ဒူးရင်းသီး လှည့်လည်ရောင်းချနေတာဖြစ်ပြီး စစ်ဆေးရေးအဖွဲ့က လှည့်လည်စစ်ဆေးနေချိန်မှာ တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။၎င်းအား အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း သို့မဟုတ် ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားထက် ကျော်လွန်လုပ်ကိုင်ခြင်းစတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တရားခံရဲ့ ထွက်ဆိုချက်အရ ၎င်းအနေနဲ့ တရားဝင် နိုင်ငံခြားသားရွေ့ပြောင်းလုပ်သားအဖြစ် ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရထားသူ ဖြစ်ပေမယ့် ဖန်မြို့နယ်နဲ့ မယ်အိုင်းမြို့နယ် တို့မှာ ဒူးရင်းသီး လှည့်လည်ရောင်းချတဲ့ လုပ်ငန်းကို ခွင့်ပြုချက်မဲ့ လုပ်ကိုင်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေက ဆိုင်ကယ်တွဲယာဉ်နဲ့ ပစ္စည်းလှည့်လည်ရောင်းချတဲ့ အလုပ်ဟာ ထိုင်းနိုင်ငံသားတွေအတွက်ပဲ သီးသန့်ထားတဲ့ အလုပ်အကိုင်ဖြစ်တာကြောင့် တရားခံကို ဥပဒေအရ ဆက်လက်အရေးယူဖို့ ဖန်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း – Chiangmainews