နယ်စပ်ခရိုင် ငါးခု အန္တရာယ်ရှိဟု သတ်မှတ်
နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ပစ်ခတ်မှုတွေက ဆက်ဖြစ်နေတာကြောင့် ကမ္ဘောဒီးယားမှ လက်နက်များနဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးအတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ရွေ့ပြောင်းကြဖို့ ထိုင်းဘုရင့်တပ်မတော်က သတိပေးလိုက်ပါတယ်။ နယ်စပ်က ခရိုင် ငါးခုကိုလည်း လုံခြုံရေးအန္တရာယ်ရှိတဲ့ နေရာတွေအဖြစ် သတ်မှတ်ထားပါတယ်။
ကမ္ဘောဒီးယားရဲ့ BM-21 ဒုံးကျည်လောင်ချာတွေက ကီလိုမီတာ ၂၀ နဲ့ Type-90B တွေက ကီလိုမီတာ ၄၀ အထိ ပစ်နိုင်တာမို့ ဒီဒေသတွေက ပြည်သူတွေကို ဘေးလွတ်ရာကို ချက်ချင်းရွှေ့ပြောင်းကြဖို့ သတိပေးနေတာပါ။ လက်ရှိမှာလည်း ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်တစ်လျှောက်က ဒေသခံ ၁၃၀,၀၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပြီးသား ဖြစ်ပါတယ်။
ကမ္ဘောဒီးယားတပ်တွေရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေ ရောက်နိုင်တဲ့ ကုန်းတွင်းပိုင်းဒေသတွေဟာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားပြီး ဒီနေရာတွေထဲမှာ စီစကတ် ပြည်နယ်က ဖူဆင်း၊ခွန်ဟန် နဲ့ ကန်သရလက်ခရိုင်တွေအပြင် အူဘွန်ရက်ချဌာနီပြည်နယ်က နမ်ယူဝမ် နဲ့ နမ်ခွန်း ခရိုင်တွေ ပါဝင်ပါတယ်။ ဇူလိုင်လ ၂၄ ရက်၊ ကြာသပတေးနေ့ကဆိုရင် ပြည်နယ်လေးခုစလုံးမှာ ပစ်ခတ်မှုတွေ ရှိခဲ့သလို၊ သောကြာနေ့ အရုဏ်မတက်ခင်ကစပြီး ဒီဝန်းကျင်တွေမှာ ထပ်ပြီး တိုက်ပွဲတွေ ဖြစ်နေတာပါ။
ကြာသပတေးနေ့ကလည်း ဘန်ဖူးမှာရှိတဲ့ PTT ဓာတ်ဆီဆိုင် တစ်ဆိုင်ကို BM-21 ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား သေဆုံးမှုတွေရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူ အများစုကတော့ ဓာတ်ဆီဆိုင်ဝင်းထဲက 7-11 ဆိုင် က လူတွေဖြစ်ပါတယ်။
သတင်း -bangkokpost