ကန်ချနာဘူရီ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဟာ ကြိုတင်ရရှိတဲ့ သတင်းအရ တရားမဝင် မြန်မာလုပ်သားတွေကို သယ်ယူပို့ဆောင်နေတဲ့ ကားနှစ်စီးကို ဖမ်းမိခဲ့ပြီး မြန်မာအမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၀ ဦးတို့ကို ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဖမ်းမိတဲ့ကားတွေကတော့ ကန်ချနာဘူရီလိုင်စင်နံပါတ်ပါတဲ့ အဖြူရောင် တိုရိုတာ ရီဗို နဲ့ ဘန်ကောက်လိုင်စင်နံပါတ်ပါတဲ့ မီးခိုးရောင် ပစ်ကပ်ကားတွေ ဖြစ်ပြီး ဒီကားတွေကို မောင်းနှင်လာသူတွေကတော့ မြန်မာနိုင်ငံသား အသက် ၄၂ နှစ်အရွယ် မေ နဲ့ အသက် ၄၅ နှစ်အရွယ် စွမ်ပေါင် တို့ ဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်မောင်းနှစ်ဦးအနေနဲ့ တစ်ဦးလျှင် ဘတ် ၇,၀၀၀ နှုန်းနဲ့ သံခလာပူရီခရိုင်က ဘုန်းကြီးကျောင်းတစ်ကျောင်းကနေ လုပ်သားတွေကို စမွတ်ဆာခွန်ပြည်နယ်ကို ပို့ဆောင်ဖို့ ငှါးရမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေရဲ့ ဝန်ခံချက်အရ သံခလာဘူရီနယ်စပ်ကနေ ဝင်ရောက်လာတာဖြစ်ပြီး စမွတ်ဆာခွန်ကို သွားရောက်အလုပ်လုပ်ဖို့အတွက် ပွဲစားခ တစ်ဦးကို ဘတ် ၉,၀၀၀ စီ ပေးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ယာဉ်မောင်းနှစ်ဦးကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ကူညီပေးမှုဖြင့် သာမွန်းရဲစခန်းမှာ အရေးယူဆောင်ရွက်နေပြီး အလုပ်သမားတွေကိုတော့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့ နှစ်ရက်အတွင်း ကန်ချနာဘူရီမှာ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားဦးရေ စုစုပေါင်းဟာ ၆၈ ဦးအထိ ရှိလာတာဖြစ်ပါတယ်။
Ref – MGR