ထိုင်းနိုင်ငံ၊ စတူးန်ပြည်နယ်၊ တန်ဘွန်ဂျေးဘီလန်ခရိုင်ရှိ ငါးဖမ်းဆိပ်ကမ်းအနီးမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုအတွက် သံသယရှိသူ မြန်မာအမျိုးသားတစ်ဦးကို ရေကြောင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ငါးဖမ်းလှေတွေကို မူးယစ်ဆေးရောင်းနေတယ်ဆိုတဲ့ သတင်းအရ ရေကြောင်းရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ဇူလိုင်လ၁၇ ရက်နေ့ နံနက်ပိုင်းမှာ “စင်းဒေချို” အမည်ရှိငါးဖမ်းလှေတစ်စင်း ငါးချရန် ဆိပ်ကမ်းသို့ဆိုက်ကပ်လာစဉ် ရေခဲစက်ဟောင်းအနီး ဆိုင်ကယ်နဲ့ ရပ်နေတဲ့ သံသယရှိဖွယ် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းအား စစ်ရေးရာမှာ ဦးထုပ်အတွင်း မက်သမ်ဖက်တမင်းဆေးပြားစုစုပေါင်း ၁၀၃ ပြား ကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူမှာ အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ပြီး စတူးန်ပြည်နယ်၊ လန်ဂူခရိုင်မှာ မှတ်ပုံတင်ထားသူဖြစ်တယ်လို့ သိရပါတယ်။ ၎င်းအနေနဲ့ မက်သမ်ဖက်တမင်းဆေးပြားတွေကို ငါးဖမ်းလှေသားတွေထံ ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့ပြီး ငါးဖမ်းလှေတွေ ဆိပ်ကမ်းပြန်ရောက်ပြီး ငါးချတဲ့အချိန်မှာ ဆေးတွေပို့ပေးလေ့ရှိသလို တချို့ဆို ပင်လယ်ထဲအထိတောင် ယူကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသားကို စတူးန်မြို့ရဲစခန်းကို ပို့ဆောင်ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။ ရေကြောင်းရဲတပ်ဖွဲ့ကတော့ စတူးန်ပြည်နယ်ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ မူးယစ်ဆေးဝါး ကင်းစင်ရေးနဲ့ လုပ်သားတွေ၊ လူငယ်တွေကြား မူးယစ်ဆေးပြန့်ပွားမှု မရှိအောင် ဆက်လက်နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။
သတင်း – MGR