ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အသက် ၅၃ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦး ဒုတိယထပ်က ပြုတ်ကျတာကြောင့် ဆေးရုံမှာ ဆုံးပါးသွားခဲ့ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ အလုပ်ရှင်ဖြစ်သူက တာဝန်မယူဘူးလို့ သိရပါတယ်။ 

ကွယ်လွန်သူ အလုပ်သမားရဲ့ ဇနီးသည် ပြောပြချက်အရ အလုပ်ရှင်ဟာ နာရေးကို တစ်ကြိမ်ပဲ လာရောက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ထပ်မံလာရောက်တွေ့ဆုံတာ၊ စုံစမ်းမေးမြန်းတာ၊ ဒါမှမဟုတ် တာဝန်ယူမယ်လို့ အာမခံတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။  လျော်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၁ သိန်းကို သူ့ရဲ့ရှေ့နေနဲ့ တိုင်ပင်ပြီး ပေးမယ်လို့ ပြောပေမယ့် သေချာတဲ့ အာမခံချက်ကို မရှိထားတာ ဖြစ်ပါတယ်။‌ အခင်းဖြစ်ပြီးနောက် အလုပ်ရှင်က ကိုယ်တိုင်တာဝန်ယူမယ်လို့ ပြောဆိုခဲ့ပေမဲ့ တကယ်တမ်းမှာတော့ လျော်ကြေး အပြည့့် မပေးတဲ့အပြင် ပကန်စခွန်ရုံးမှာ အမှုကို လိမ်လည်ပြီး တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

“ထိုင်း ဥပဒေအရ လုပ်ငန်းခွင်အတွင်း သေဆုံးတဲ့အခါ အလုပ်ရှင်ဘက်ကလျော်ကြေးငွေအပြင် ပကန်စခွန်နဲ့ အခြားရရှိနိုင်တဲ့ ပမာဏ စုစုပေါင်း ဘတ် ၁ သန်းဝန်းကျင်လောက်ထိ ရရှိနိုင်တာဖြစ်ပါတယ်။ဒါပေမယ့် အလုပ်ရှင်ဘက်က လိမ်လည်ပြီး တိုင်ကြားတဲ့အပြင် တာဝန်ယူပေးတာမျိုးလဲမရှိတာကြောင့် အခုလိုလာရောက်တိုင်ကြားတာဖြစ်တယ်လို့” MHAC က ကိုရဲမင်းက ပြောပါတယ်။ 

ဒီလုပ်ရပ်ကြောင့် သေဆုံးသူရဲ့ မိသားစုဟာ အမှုလိမ်လည်ခံရမှုနဲ့အတူ ဥပဒေနဲ့အညီလုပ်ဆောင်ပေးဖို့  M.H.A.C မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့တာကြောင့် M.H.A.C မဟာမိတ်အဖွဲ့ နဲ့ NUG အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးတို့ပူးပေါင်းကာ  သက်ဆိုင်ရာနယ်မြေခံရုံးမှာ သေဆုံးသူ အမျိုးသားရဲ့ မိသားစုနဲ့အတူ အမှုကို ပြန်လည်ဖွင့်လှစ်ပြီး ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version