၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ထိုင်းပါလီမန်က မစ္စတာ ရန်စီမန်ရုန်း ဦးဆောင်တဲ့ လုံခြုံရေးကော်မတီအနေနဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် အကူအညီပေးဖို့ နယ်စပ်ဒေသ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ကို လက်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ဘာတွေဖြစ်နေလဲ

အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒပြောင်းလဲမှုကြောင့် စစ်ဘေးရှောင်တွေ နေတဲ့ စခန်းတွေမှာ အကူအညီတွေ ဖြတ်တောက်ခံနေရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် နောက်ပိုင်းဆိုရင် ကျန်းမာရေးနဲ့ အစားအစာအကူအညီတွေ ရပ်သွားတော့မှာဖြစ်ပြီး ရန်ပုံငွေဖြတ်တောက်လိုက်တာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ သူတို့နေတဲ့ စခန်းတွေမှာ ဆက်နေနိုင်ပါ့မလားဆိုတာကို စိုးရိမ်နေကြပါတယ်။

ဘာတွေတောင်းဆိုထားလဲ

အရပ်ဘက်အဖွဲ့အစည်းတွေက စစ်ဘေးရှောင်တွေကို ထိုင်းလူ့အဖွဲ့အစည်းအတွက် အရည်အချင်းရှိတဲ့ အလုပ်သမားတွေအဖြစ် အခွင့်အလမ်းပေးဖို့ တောင်းဆိုခဲ့ပြီး တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ထိုင်းအလုပ်သမားစနစ်တစ်ခု ဖန်တီးပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

ဘာတွေ လုပ်နေလဲ 

လုံခြုံရေးကော်မတီက ဒီကိစ္စကို အလေးထား ဆွေးနွေးနေပြီး အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ အလုပ်သမား ဝန်ကြီးဌာနတွေနဲ့ တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကို ဖိတ်ကြားပြီး လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေ ရှာဖွေဆွေးနွေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပါတယ်။ 

ထိုင်းပါလီမန်အတွင်း မြန်မာစစ်ဘေးရှောင်များအတွက် အဖြေရှာရန် ကြိုးပမ်းမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ၎င်းတို့ရဲ့ အသက်ရှင်ရပ်တည်ရေးနဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ 

သတင်း – the reporters

Share.
Leave A Reply

Exit mobile version