ချင်းမိုင်မှာ မြစ်ရေ မြင့်တက်မှု စောင့်ကြည့်နေ
ထိုင်းနိုင်ငံတစ်ဝန်း ဒီတစ်ပတ်အတွင်း မိုးအလွန်ကြီးပြီး၊ လေပြင်းမုန်တိုင်းများတိုက်ခတ်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတိပေးထားပါတယ်။
လေဖိအားနည်းရပ်ဝန်းကြောင့် ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ဒေသတွေအပါအဝင် မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ နေရာကွက်ကျား မိုးကြီးနိုင်ပြီး ထိုင်းတစ်နိုင်ငံလုံး မိုးထစ်ချုန်းရွာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မြစ်ကမ်း၊တောင်ခြေနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးတာ၊ ရေလျှံတာတွေအတွက် သတိထားကြဖို့ သတိပေးထားပါတယ်။
ကပ္ပလီပင်လယ်ပြင်၊ ထိုင်းနှင့် ပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေအားကောင်းလာကာ တစ်နိုင်ငံလုံး မိုးပိုများလာနိုင်ပြီး ကပ္ပလီပင်လယ်နဲ့ ပင်လယ်ကွေ့မြောက်ပိုင်းမှာလည်း လှိုင်း ၂မီတာမှ ၃ မီတာထိ ရှိနိုင်တယ်လို့ သိရပါတယ်။ မုန်တိုင်းတိုက်ခတ်ချိန်မှာ ၃ မီတာကျော်နိုင်တာကြောင့် သင်္ဘောသားတွေအနေနဲ့ မိုးကြိုးမုန်တိုင်းရှိတဲ့နေရာတွေကို ရှောင်ပြီး သတိထားသွားလာကြဖို့ မိုးလေဝသဌာနက တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာလည်း ပင်းမြစ် ရေမျက်နှာပြင်တွေ ဆက်လက်မြင့်တက်နေလို့ နဝရတ် တံတားမှာ ရေမျက်နှာပြင် ၂.၁၃ မီတာအထိ ရောက်ရှိနေပါတယ်။ ချင်းမိုင်ခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးရုံးက မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းဘေးနေထိုင်သူတွေကို သတိထားဖို့၊ ပစ္စည်းတွေနဲ့ လူတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးထားပြီး နောက်ဆုံးရသတင်းတွေကိုလည်း အနီးကပ်စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။
Ref – thenation / chiangmainews