အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိများ ပူးပေါင်း၍ အားလပ်ရက်ရှည်အပြီး ပြန်လာသူများကြားတွင် ရောနှောကာ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို တင်ဆောင်လာတဲ့ ဗန်ကားတစ်စီးကို ဖမ်းဆီးရမိခဲ့တယ်လို့  သိရပါတယ်။ 

ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းက အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့က တရားမဝင်နိုင်ငံခြားသားတွေ ဝင်ရောက်လာမယ်လို့ သတင်းရရှိတာကြောင့် စောင့်ကြည့်စစ်ဆေးနေစဉ် ဖာဟိုယိုထင်လမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများကြားမှ အနက်ရောင် တိုယိုတာ ဝစ်ချ် ဗန်ကားတစ်စီးက ပုံမှန်မဟုတ်ဘဲ လမ်းကြောပြောင်းလဲ မောင်းနှင်လာတာကို သတိပြုမိခဲ့တာကြောင့် ရပ်တန့်ခိုင်းခဲ့ပြီး စစ်ဆေးကြည့်ရာ အသက် ၃၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးနှင့်အတူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၁ ဦးကို ကားအတွင်း ကြပ်ညပ်စွာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ စစ်ဆေးရာမှာ ၎င်းတို့အနေနဲ့ ထိုင်းနိုင်ငံသို့ တရားဝင်ဝင်ရောက်ခွင့် စာရွက်စာတမ်း တစ်စုံတစ်ရာ မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ မေးမြန်းမှုများအရ ယာဉ်မောင်း အနေနဲ့ လူတစ်ဦးလျှင် ဘတ် ၁၀၀၀ နှုန်းဖြင့် ပို့ဆောင်ခယူ၍ မြန်မာနိုင်ငံသား ၁၁ ဦးကို နခွန်ဆဝမ်ပြည်နယ်မှ ချွန်ဘူရီပြည်နယ်သို့ ပို့ဆောင်ပေးရန် မစ္စတာ တုံး (Mr. Tong) အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးက ငှါးရမ်းခဲ့တာဖြစ်ကြောင်း နဲ့ ယခုကဲ့သို့ နှစ်ကြိမ် ပြုလုပ်ဖူးကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ စကားပြန်ကတစ်ဆင့်စစ်ဆေးမေးမြန်းခဲ့ရာ မြန်မာနိုင်ငံသား ၁၁ ဦးအနေနဲ့ မြန်မာနိုင်ငံဖက်ခြမ်း၊ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှ လှေဖြင့် ဝင်ရောက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်ရှာဖွေရန်ဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့အနေနဲ့ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက် ပွဲစားခ ဘတ် ၁၀၀၀၀ စီ ပေးခဲ့ရပြီး တရားမဝင် ဝင်ရောက်လာတဲ့ ကာလအတွင်း ၂ ရက်ကြာ အစာမစားရသေးကြောင်း ပြောပြခဲ့တာကြောင့် ရဲတပ်ဖွဲ့က အစားအစာနဲ့ သောက်ရေတွေ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ မြန်မာနိုင်ငံသားယာဉ်မောင်းကို တရားမဝင် ဝင်ရောက်လာသူများကို ခိုလှုံခွင့်ပေးမှု သို့မဟုတ် ဖုံးကွယ်ကူညီပေးမှု အပြင် ကျန်မြန်မာနိုင်ငံသား ၁၁ ဦးကိုလည်း တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ထားပြီး ၎င်းတို့အားလုံးကို သက်ဆိုင်ရာ ဥပဒေနဲ့ အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

သတင်း – MGR 

Share.
Leave A Reply

Exit mobile version