ခွန်ဖန်ခရိုင်၊ ဖာဟွန်ယိုထင်လမ်းမကြီးပေါ်မှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေတင်ဆောင်လာတဲ့ ဗင်ကားတစ်စီး လမ်းဘေးထိုးကျခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာ ချွန်ဘူရီ၊ ရယောင်းနဲ့ ဘန်ကောက်ကနေ မဲဆောက်နယ်စပ်ကို သွားမယ့် ဗင်ကားတစ်စီး လမ်းဘေးရှိ ကျွန်းပင်ကြီးတစ်ပင်ကို ဝင်တိုက်ခဲ့ပြီး လမ်းဘေးထိုးကျခဲ့တယ်လို့သိရပါတယ်။ ယာဉ်မောင်းအိပ်ငိုက်နေတာကြောင့် အခုလိုဖြစ်ပွါးခဲ့တာဖြစ်ပြီး ကားပေါ်ပါလာတဲ့ အသက် ၂ လသား ကလေးငယ်လေးကတော့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ကျန်လူ ၁၀ ဦးကတော့ ဒဏ်ရာတွေ ရရှိခဲ့ကြပြီး တစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။
ယာဉ်မောင်းအနေနဲ့ အသက် ၄၉ နှစ်အရွယ်ရှိသူဖြစ်ပြီး ညဆိုင်းအဖြစ် နှစ်ရက်ဆက်တိုက် မောင်းနှင်ခဲ့ပြီး ဒုတိယအကြိမ် ခရီးစဉ်မှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်တာကြောင့် အိပ်ပျော်သွားခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုမဖြစ်ခင်လေးမှာ ယာဉ်မောင်း အိပ်ငိုက်နေတာကို သတိထားမိတယ်လို့ ခရီးသည်တချို့က ပြောခဲ့ပါတယ်။
မနက် ၇ နာရီလောက်မှာ ဖြစ်ခဲ့တဲ့ ဒီယာဉ်တိုက်မှုကြောင့် ဗင်ကားရဲ့ ရှေ့ဘက် ဘယ်ဘက်ခြမ်းတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး ယာဉ်မောင်းဘေးက ခရီးသည်အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးလုပ်သားတွေက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဗင်ကားအနေနဲ့ တရားဝင်အလုပ်လုပ်ခွင့်ရှိတဲ့ ခရီးသည်တွေကို တင်ဆောင်လာတာဖြစ်ကြောင်း သိရသော်လည်း ရဲတပ်ဖွဲ့အနေနဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးနေပြီး ယာဉ်မောင်းဖြစ်သူအား မူးယစ်ဆေးဝါး စစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း – pattyamail