ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်မှာ မြန်မာအလုပ်သမားတစ်ဦး စက်ပြင်နေရင်း စက်အစိတ်အပိုင်းပြုတ်ကျပြီး ဦးခေါင်းဒဏ်ရာရခဲ့တာကြောင့် ဆေးရုံပို့ဖို့ ကြိုးစားခဲ့ပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ် ရဲအောင်ကြွယ်ဆိုသူဖြစ်ပြီး ၎င်းစက်ရုံမှာ စက်ပြင်သူအဖြစ် တာဝန်ယူနေသူဖြစ်တယ်လို့ သိရပါတယ်။ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီခွဲခန့်က စက်ရုံထဲမှာ မြန်မာ အလုပ်သမားတစ်ဦး စက်ပြင်ရင်း စက်ချပ်ယန္တရားပိမိခဲ့တာကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဆိုင်ကယ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း သွေးထွက်များတာကြောင့် လမ်းမှာတင် သတိလစ်ကာ နှလုံးခုန်ရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာပြီးနောက် မိုးအရမ်းရွာနေတဲ့ကြားကပဲ မိနစ် ၃၀ ကျော် CPR လုပ်ပေးခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဆေးရုံသို့ပို့ဆောင်ပေးခဲ့သူ လုပ်ဖော်ကိုင်ဖက်တစ်ဦးက မတော်တဆဖြစ်စဉ်ကို မမြင်ခဲ့ပေမယ့် ရဲအောင်အနေနဲ့ ဦးခေါင်းကို ကိုင်ထားပြီး သွေးတွေထွက်နေတာကို တွေ့ခဲ့ပြီး ဆေးရုံကို ပို့ပေးဖို့ ကြိုးစားခဲ့ပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့တာကြောင့် ရဲကို အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးမှူး ဒုရဲမှူးကြီးက ဖြစ်ပွားရာ စက်ရုံအတွင်းကို သွားရောက်စစ်ဆေးခဲ့ရာ ပလတ်စတစ်ခွက်ပုံသွင်းစက်အနီးတွင် သွေးအိုင်နှစ်ခုနဲ့ စက်ပစ္စည်းပြုပြင်ကိရိယာများ ပြန့်ကျဲနေတာကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့အနေနဲ့ စက်အစိတ်အပိုင်းတစ်ခု ပြုတ်ကျလာခြင်းကြောင့် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းထားပြီး စက်ရုံရဲ့ CCTV မှတ်တမ်းတွေကိုလည်း ထပ်မံစစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – Thaiger