နိုင်ငံခြားသားများ စီးပွားရေးကို  သူဌေးအမည် ခံပေးသူများ
ထောင်ချခံရမည်ဟု ထိုင်းအစိုးရ ခြိမ်းခြောက်

ထိုင်းအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အမည်ခံသူဌေး (နိုမီနီ) အဖြစ် လုပ်ကိုင်ခြင်းကို တင်းကျပ်စွာ သတိပေးလိုက်ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းလို ကဏ္ဍတွေမှာ နိုင်ငံခြားသားတွေအတွက် တရားမဝင် လုပ်ငန်းလုပ်ကိုင်ပေးတာကို တွေ့ရှိရင် ပြင်းထန်တဲ့ ဥပဒေကြောင်းအရ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

နိုမီနီအများဆုံး တွေ့တဲ့နေရာများ

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ အချက်အလက်တွေအရ နိုမီနီလုပ်ငန်းတွေဟာ ဖူးခက်၊ ချွန်ဘူရီ၊ ဘန်ကောက်နဲ့ ချင်းမိုင်လို ခရီးသွားလုပ်ငန်း ထွန်းကားတဲ့ မြို့တွေမှာ အများဆုံး တွေ့ရပါတယ်။ စားသောက်ဆိုင်၊ ဟိုတယ်၊ အပန်းဖြေစခန်း၊ အိမ်ခြံမြေနဲ့ ပို့ဆောင်ရေးလို လုပ်ငန်းတွေမှာ အများဆုံး စစ်ဆေးနေပါတယ်။ ဒီလို နိုမီနီအဖြစ် အသုံးပြုတာဟာ တရားဝင် ကန့်သတ်ချက်တွေကို ရှောင်ရှားဖို့ဖြစ်ပြီး ထိုင်းနိုင်ငံသားတွေကို အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုမရှိဘဲ ဒါမှမဟုတ် အမှန်တကယ် ပါဝင်ပတ်သက်မှုမရှိဘဲ အမည်ခံ ရှယ်ယာရှင်တွေ ဒါမှမဟုတ် လုပ်ငန်းလုပ်ကိုင်သူတွေအဖြစ် အသုံးပြုကြတာဖြစ်ပါတယ်။

ပြစ်ဒဏ်များ 

နိုင်ငံခြားသားတွေအတွက် အမည်ခံကူညီပေးသူတွေ၊ ပံ့ပိုးပေးသူတွေ ဒါမှမဟုတ် ရှယ်ယာတွေ ထိန်းသိမ်းထားသူတွေအတွက် ပြစ်ဒဏ်တွေအနေနဲ့

ထောင်ဒဏ် 

  • နိုမီနီလုပ်ငန်းတွေမှာ ပါဝင်ရင် ၃ နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။

ငွေဒဏ် 

  • ဘတ် ၁၀၀,၀၀၀ ကနေ ၁,၀၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်နိုင်ပါတယ်။

နောက်ဆက်တွဲ ဒဏ်ငွေ 

  • တရားရုံးအမိန့်တွေကို ဆက်မလိုက်နာရင် နေ့စဉ် ဘတ် ၁၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ထပ်တိုး ဒဏ်ငွေ ဆောင်ရနိုင်ပါတယ်။

ဒါ့အပြင် နိုမီနီအဖြစ် ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေ ဒါမှမဟုတ် ရှယ်ယာတွေက တရားမဝင် လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်ဆိုရင် သိမ်းဆည်းခံရနိုင်ပါတယ်။ နိုမီနီတွေကို အသုံးပြုတဲ့ ကုမ္ပဏီတွေဆိုရင် သူတို့ရဲ့ လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံရပြီး ထိုင်းနိုင်ငံမှာ ဆက်လက် လုပ်ငန်းလုပ်ကိုင်ခွင့် ဆုံးရှုံးသွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ 

မကြာခင်က ဖူးခက်မှာ ဖြစ်ခဲ့တဲ့ အမှုတစ်ခုမှာ နိုမီနီလုပ်ငန်းတွေမှာ ပါဝင်တဲ့ သူတွေနဲ့ ကုမ္ပဏီ ၂၃ ခုကို တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ တစ်ဦးစီကို ဘတ် ၂၀၀,၀၀၀ ဒဏ်ရိုက်ခဲ့ပြီး၊ နှစ်နှစ်ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ကာ၊ တစ်နှစ် စောင့်ကြည့်ခံကာလ ပေးခဲ့ပါတယ်။ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီတွေကိုလည်း ဖျက်သိမ်းဖို့ အမိန့်ချခဲ့ပါတယ်။ ဒီလို တင်းကျပ်တဲ့ အရေးယူမှုတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပတ်ဝန်းကျင်ကို ပိုမိုပွင့်လင်းမြင်သာပြီး တရားမျှတအောင် လုပ်ဆောင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို သေချာနားလည်ပြီး လိုက်နာဖို့ အထူးအရေးကြီးပါတယ်။

Share.
Leave A Reply

Exit mobile version