ထိုင်းနိုင်ငံမှာ လူငယ်တွေကြား HIV ကူးစက်မှုနှုန်း ထိုးတက်လာတာကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အလေးအနက်ထား စိုးရိမ်နေပါတယ်။ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် ကျောင်းတွေမှာ လိင်ကျန်းမာရေးဆိုင်ရာ ပညာပေးမှုတွေ လုပ်ဆောင်ပြီး ကွန်ဒုံးတွေ ဖြန့်ဝေပေးသွားဖို့ စီစဉ်နေပြီဖြစ်ကြောင်း ဒုတိယ ပြည်သူ့ကျန်းမာရေးဝန်ကြီး ချိုင်းချနား ဒက်ချ်ဒေချို က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘာကြောင့် အခုလို လုပ်ဆောင်ရတာလဲ

မကြာသေးခင်က အစည်းအဝေးတစ်ခုမှာ အထက်လွှတ်တော်အမတ် ပါရင်ယာ က ထိုင်းနိုင်ငံရဲ့ HIV အခြေအနေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ရာမှာ ခြုံငုံကြည့်ရင် HIV ကူးစက်မှုနှုန်း ကျဆင်းနေပေမဲ့ လူငယ်တွေကြားမှာတော့ သိသိသာသာ တိုးလာနေတာကို တွေ့ရတယ်လို့ မစ္စတာ ချိုင်းချနားက အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့အတွက် ကျောင်းတွေ တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး လိင်ပညာပေးတာတွေ၊ HIV ကူးစက်မှု ကာကွယ်ရေးအတွက် ကွန်ဒုံးဖြန့်ဝေတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ရည်မှန်းချက်နဲ့ ငွေကြေးသုံးစွဲမှု

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ကတော့ နှစ်စဉ် HIV ကူးစက်မှုအသစ်ကို ၁,၀၀၀ အောက် ရောက်အောင် လျှော့ချဖို့နဲ့ HIV ကြောင့် သေဆုံးသူ ၄,၀၀၀ အောက်ကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ လက်ရှိ တွေ့ရတဲ့ ကူးစက်မှုအသစ် ၈,၀၀၀ ဆိုတဲ့ ကိန်းဂဏန်းက အရင်နှစ်တွေက စုဆောင်းထားတဲ့ အချက်အလက်တွေ ဖြစ်ပြီး၊ ဒီနှစ် ဒုတိယနှစ်ဝက်မှာ ကူးစက်မှုအသစ် ၃,၀၀၀ အောက်မှာပဲ ရှိဖို့ မျှော်မှန်းထားတယ်လို့လည်း ဆိုပါတယ်။HIV စစ်ဆေးမှုတွေကို ပိုမိုလုပ်ဆောင်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး ဘန်ကောက်၊ ချွန်ဘူရီ၊ ခွန်ကဲန်၊ နခွန်ရတ်ချစီမာ စတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတဲ့ ဒေသတွေက ပုဂ္ဂလိကကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ HIV ကာကွယ်ရေးနဲ့ ကုသရေးအတွက် နှစ်စဉ် ဘတ် ၈.၄ ဘီလီယံ သုံးစွဲနေပြီး ဒီအထဲက အများစုက ပြည်တွင်းရန်ပုံငွေဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းကိုတော့ နိုင်ငံတကာ အထောက်အပံ့တွေကနေ ရရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ HIV ကုသမှုခံယူနေသူ ၅ သိန်းကျော်ရှိတဲ့အနက် နိုင်ငံခြားသား ၅,၇၀၀ ကျော် ပါဝင်ပြီး၊ တစ်ဦးချင်းအတွက် ပျမ်းမျှ နှစ်စဉ် ကုသစရိတ်က ဘတ် ၁၂,၀၀၀ ရှိတယ်လို့လည်း သိရပါတယ်။

သတင်း – bangkokpost

photo : bangkokpost

Share.
Leave A Reply

Exit mobile version