ထိုင်း-မြန်မာနယ်စပ် ကန်ချနာဘူရီမှာ ဒီကနေ့မနက်ပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို တင်ဆောင်လာတဲ့ ဗန်ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၁၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၄ ရက် မနက် ၈ နာရီခန့်က ကန်ချနာဘူရီပြည်နယ်၊ ထောင်ဖာပွန်မြို့နယ်က စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်တပ်နဲ့ ရဲတွေ ပူးပေါင်းစစ်ဆေးနေတုန်း ဆန်ခလာဘူရီဘက်ကနေ ထောင်ဖာပွန်ဘက်ကို မောင်းနှင်လာတဲ့ ဗန်ကားတစ်စီးကို သံသယရှိတာကြောင့် ရပ်တန့်ခိုင်းခဲ့ရာ အသက် ၅၁ နှစ်အရွယ်ရှိ ယာဉ်မောင်း မစ္စတာ စူဘင် ဖရာကင်က ကားကို ရပ်တန့်မပေးဘဲ မောင်းပြေးခဲ့တယ်လို့ သိရပါတယ်။ ထွက်ပြေးသွားတဲ့ ဗန်ကားကို လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရာမှာ ပြန်လည်ဖမ်းမိခဲ့တာကြောင့် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၃၆ ဦးကို တွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းတို့အနေနဲ့ ဘာစာရွက်စာတမ်းမှ မရှိသလို ထိုင်းစကားလည်း မပြောတတ်ကြဘူးလို့ ဆိုပါတယ်။
ကားမောင်းသူ မစ္စတာ စူဘင်ရဲ့ ထွက်ဆိုချက်အရ အမည်မသိလူတစ်ဦးဆီကနေ ဘတ် ၄,၆၀၀ နဲ့ မြန်မာလုပ်သားတွေကို ကန်ချနာဘူရီမြို့နယ်ထဲ ပို့ပေးဖို့ ငှါးရမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာလုပ်သားတွေဟာ ရန်ကုန်ကနေ လာခဲ့ကြတာဖြစ်ပြီး ထိုင်းကိုရောက်ဖို့ ဘန်ဘိုဂျပန်ကျေးရွာနားက သဘာဝလမ်းကြောင်းအတိုင်း လမ်းလျှောက်ဝင်လာကြတာလို့ သိရပါတယ်။ ၎င်းတို့အနေနဲ့ ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်ပြည်နယ်မှာ အလုပ်လုပ်ဖို့ စီစဉ်ထားကြပြီး အကျိုးဆောင်ခအနေနဲ့ တစ်ယောက်ကို ဘတ် ၁၂,၀၀၀ ပေးဖို့ သဘောတူထားတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေက ဖမ်းဆီးရမိသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်တမ်းယူကာသက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သတင်း – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี