ရွှေ့ပြောင်းနဲ့ နိုင်ငံခြား အလုပ်သမား အားလုံးအတွက် Work permit လျှောက်တာတွေ အားလုံးကို အွန်လိုင်းစနစ်နဲ့ သွားဖို့ ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာနက ဆောင်ရွက်နေပြီလို့ သိရပါတယ်။ 

ဘာတွေ ထူးခြားပြီး ပိုကောင်းလာမလဲ။

လုပ်ထုံးလုပ်နည်းများ ရိုးရှင်းမြန်ဆန်လာခြင်း

  • အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားဖို့ အရင်က ၃ ရက်လောက် ကြာခဲ့ရာကနေ အခုဆိုရင် အချိန်ကုန်သက်သာပြီး ပိုမိုမြန်ဆန်လာပြီးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေအတွက် အဆင့်ဆင့်လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းတွေ ပိုနည်းသွားမှာပါ။

အွန်လိုင်းမှ အချိန်မရွေး လျှောက်ထားနိုင်ခြင်း

  • တစ်ရက် ၂၄ နာရီလုံး အွန်လိုင်းကနေ လျှောက်လွှာတင်သွင်းနိုင်တာကြောင့် အချိန်နဲ့နေရာ ကန့်သတ်ချက်တွေ မရှိတော့ပါဘူး။ ဒီစနစ်က လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုပွင့်လင်းမြင်သာစေပြီး ဘယ်အချိန်မဆို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ဝန်ဆောင်မှုစင်တာများ တိုးချဲ့ဖွင့်လှစ်ခြင်း

  • e-Work Permit စနစ်အပြင် နိုင်ငံအနှံ့ ဝန်ဆောင်မှုစင်တာ ၄၀ ကျော်နဲ့အတူ၊ ဝန်ဆောင်မှုမရောက်ရှိနိုင်သေးတဲ့နေရာတွေဆီကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရွေ့လျားယာဉ် ၈ စီးကိုလည်း ပြင်ဆင်ထားပါတယ်။

ပိုမိုတိကျမှန်ကန်ခြင်း

  • တိကျမှန်ကန်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် လက်ဗွေနဲ့ မျက်လုံးစကင်န်ဖတ်ခြင်းစနစ်ကို အသုံးပြုပြီးလုပ်ငန်းဆောင်ရွက်ခွင့်ပေးမှာဖြစ်တာကြောင့် လိမ်လည်မှုတွေ၊ မမှန်ကန်တာတွေ လျှော့နည်းလာမှာ ဖြစ်ပါတယ်။

ရရှိလာမယ့် အကျိုးကျေးဇူးတွေက ဘာတွေလဲ

  • အွန်လိုင်းကနေ ၂၄ နာရီ လျှောက်လွှာတင်နိုင်တဲ့အတွက် လုပ်ငန်းစဉ်တွေ ပိုမြန်ဆန်လာပြီး စောင့်ဆိုင်းချိန်တွေ လျှော့နည်းလာမှာပါ။
  • ဒစ်ဂျစ်တယ်စနစ်တွေကို အသုံးပြုပေးတာကြောင့် လုပ်ငန်းတိုင်းကို စနစ်တကျ စိစစ်နိုင်ပြီး ပွင့်လင်းမြင်သာမှု ရှိလာမယ်။
  • အစိုးရရုံးတွေကို သွားရောက်ဖို့မလိုတော့တာကြောင့် ခရီးသွားစရိတ်၊ အချိန်ကုန်ကျမှု စတာတွေ သက်သာလာမယ်။
  • လက်ဗွေ၊ မျက်နှာစကင်န် စနစ်တွေနဲ့အတည်ပြုမှုတွေကြောင့် လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအနေနဲ့ တရားဝင်လုပ်ကိုင်ဖို့ ယုံကြည်မှုရှိလာမှာပါ။

အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DOE) ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆွန်ချိုင်းရဲ့ ပြောကြားချက်အရ ဒီစီမံကိန်းဟာ ဒစ်ဂျစ်တယ်ခေတ်နဲ့အညီ အစိုးရဝန်ဆောင်မှုတွေကို ပြုပြင်ပြောင်းလဲဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

Ref – Department of Employment 

Share.
Leave A Reply

Exit mobile version