ဇူလိုင်လ ၃ ရက်နေ့ နံနက်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ စာရွက်စာတမ်းအတုတွေကို သုံးပြီး တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာအလုပ်သမား ၁၅ ဦးကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မဲဆောက်-တာ့ခ် လမ်းကြောင်းကို အသုံးပြုပြီး နိုင်ငံခြားသား အလုပ်သမားတွေ လျှို့ဝှက်ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ စုနဲ့ ပိတ်ဆို့ဖမ်းဆီးဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ မဲဆောက်-တာ့ခ် လမ်းမကြီးပေါ်က လမ်းထိန်းသိမ်းရေးဌာန (Mae Sot Highway Section) အနီးမှာ စောင့်နေတဲ့ ရဲတပ်ဖွဲ့က မသင်္ကာစရာ ဗင်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ကားပေါ်မှာ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၅ ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်းကတော့ အသက် ၃၆ နှစ်အရွယ်ရှိ ထိုင်းလူမျိုး နိုဖာဒွန် ချန်ထာ ဆိုသူဖြစ်ပြီး ၎င်းနဲ့အတူအသက် ၃၅ နှစ်အရွယ် ထိုင်းအမျိုးသမီး ဆူနီဆာ ဟတ်ဆိုင်း ဆိုသူလည်းပါဝင်တယ်လို့ သိရပါတယ်။
ရဲတွေက အလုပ်သမားတွေရဲ့ ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီး သံသယဝင်ခဲ့တာကြောင့် စာရွက်စာတမ်းတွေ စစ်ဆေးဖို့ တောင်းဆိုခဲ့ရာမှာ ထိုင်းအမျိုးသမီးက ၎င်းရဲ့ အင်္ကျီအောက်ကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ဝန်ကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ထုတ်ပေးထားတယ်ဆိုတဲ့ အလုပ်လုပ်ခွင့် မှတ်ပုံတင်စာရွက် (Namelist) ၁၅ ခုကို ထုတ်ပေးခဲ့ပြီး ဒီစာရွက်တွေဟာ ကားပေါ်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးရဲ့ မှတ်ပုံတင်တွေဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ရဲအရာရှိတွေက စာရွက်ပေါ်က နာမည်တွေကို ဖတ်ပြတဲ့အခါ ဘယ်မြန်မာနိုင်ငံသားကမှ သူတို့နာမည်ပါလို့ ထွက်ဆိုတာ မရှိခဲ့တာကြောင့် ရဲတွေက သံသယပိုကြီးလာပြီး စာရွက်တစ်ခုစီပေါ်က QR Code တွေကို ဖုန်းနဲ့ scan ဖတ်ကြည့်ခဲ့ရာမှာ ထွက်ပေါ်လာတဲ့ စာသားနဲ့ ပုံတွေက မကြည်လင်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ပိုပြီး သံသယဖြစ်စရာကတော့ ဝက်ဘ်ဆိုဒ်လိပ်စာတွေက “https://sites.google.com” နဲ့ စနေတာကိုပါ တွေ့ခဲ့ရပြီး ဒီအချက်တွေကြောင့် စာရွက်တွေက အတုတွေဆိုတာကို သိရှိသွားခဲ့တာပါ။
ဖမ်းဆီးရမိခဲ့တဲ့ ယာဉ်မောင်းနဲ့ ထိုင်းအမျိုးသမီးကို တရားမဝင် နိုင်ငံခြားသားတွေကို ကူညီပေးမှုနဲ့ အစိုးရစာရွက်စာတမ်းအတုတွေ အသုံးပြုမှုတို့ဖြင့် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၁၅ ဦးကိုလည်း ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံထဲကို ဝင်ရောက်နေထိုင်မှုတို့နဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေအပြင် ၎င်းတို့စီးနင်းလာတဲ့ ဗင်ကားနဲ့ အတုအယောင်စာရွက်စာတမ်းတွေကို ဖဝေါ့ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သတင်း – matichon