ထိုင်းယဉ်ကျေးမှုမှာ “မျက်နှာမပျက်အောင် ထိန်းခြင်း”( saving face)  ဆိုတာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ နာမည်ဂုဏ်သတင်းနဲ့ လူမှုရေးအဆင့်အတန်းကို ကိုယ်စားပြုပါတယ်။ မြန်မာတွေအချင်းချင်းဆိုလည်း “မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပါမယ်” ဆိုပြီး ပြောလေ့ ရှိကြတယ်မဟုတ်လား။  

ကိုယ်က ထိုင်းမှာ အလုပ်ပဲ လုပ်လုပ်၊ ကျောင်းပဲတက်တက် ထိုင်းတွေနဲ့ နေ့စဉ် ထိတွေ့နေရမှာ ဆိုတော့ ဒီ “မျက်နှာမပျက်စေတဲ့ ယဉ်ကျေးမှု” အကြောင်းကို ပိုပြီး သိထားရင် ပိုကောင်းတယ်။ 

အဓိကနားလည်ထားရမယ့်အချက်တွေရှိပါတယ်။ 

ဘယ်လိုအပြုအမူတွေက ထိုင်းတွေကို မျက်နှာပျက်စေနိုင်လဲ

  • တစ်စုံတစ်ယောက်ကို လူအများရှေ့မှာ ပြတ်ပြတ်သားသား ဝေဖန်တာ
  • အမှားကို တိုက်ရိုက်ပြောတာ ဒါမှမဟုတ် လှောင်ပြောင်တာ
  • ဒေါသကိုမထိန်းပဲ အော်ဟစ်မိတာ 
  • လိမ်ညာတာ ဒါမှမဟုတ် ကတိမတည်တာ
  • သက်ကြီးရွယ်အို ဒါမှမဟုတ် ယဉ်ကျေးမှုဓလေ့တွေကို မလေးစားတာ 

လိုက်နာရမှာတွေက ဘာတွေလဲ? 

ပြဿနာကို ရှောင်ပါ

  • ထိုင်းလူမျိုးတွေက တည့်ပြောတာကို မကြိုက်ကြပါဘူး။ အထူးသဖြင့် လူအများရှေ့မှာ ဝေဖန်တာ၊ အပြစ်တင်တာမျိုးကို ရှောင်သင့်ပါတယ်။ ပြဿနာရှိရင် သွယ်ဝိုက်ပြီး ညင်ညင်သာသာပြောပြတာ ဒါမှမဟုတ် သီးသန့်ပြောဆိုတာက ပိုကောင်းပါတယ်။

ရာထူးနဲ့ အသက်ကို လေးစားပါ။

  • ထိုင်းတွေက ရာထူးအဆင့်အတန်း နဲ့ အသက်အရွယ်ကို အလေးထားပါတယ်။ ကိုယ့်ထက် အသက်ကြီးသူ၊ ရာထူးကြီးသူကို လူအများရှေ့မှာ ပြန်ပြောတာက သူတို့ကို “မျက်နှာပျက်” (Losing Face) စေနိုင်ပါတယ်။ ကိုယ်ကမှန်နေရင်တောင် ဒီလိုအပြုအမူမျိုးကို ရှောင်ရပါမယ်နော်။

မကြွားပါနဲ့။

  • အရမ်းမာနကြီးတာ၊ ကိုယ့်အောင်မြင်မှုတွေကို အလွန်အမင်း ကြွားဝါတာမျိုးကလဲ ကိုယ်တစ်ဦးတစ်ယောက်ထဲ မျက်နှာရစေသလိုဖြစ်တာကြောင့် မလုပ်သင့်ပါဘူးနော်။ 

စိတ်ခံစားမှု ထိန်းချုပ်ပါ။

  • စိတ်တိုတာ ၊ ဒေါသထွက်တာ၊ အော်ဟစ်တာ၊ ဆူတာမျိုးက နှစ်ဦးနှစ်ဖက်စလုံးကို မျက်နှာပျက်စေနိုင်ပါတယ်။ တည်ငြိမ်ပြီး ပြုံးရွှင်တဲ့မျက်နှာထားနဲ့ ဆက်ဆံတာက ပိုသင့်လျော်ပါတယ်။

အချင်းချင်း မျက်နှာမပျက်ရအောင် ဘယ်လိုဆက်ဆံကြမလဲ

အကြံပြုချက်ကို သီးသန့်ပေးပါ

  • ကိုယ်ကတစ်ခုခု အကြံပေးချင်တယ် ပြောချင်တယ်ဆိုရင် လူမြင်ကွင်းရှေ့မှာ မဟုတ်ဘဲ သီးသန့်ပြောတာ ပိုအဆင်ပြေပါတယ်။

သွယ်ဝိုက်တဲ့စကားလုံးတွေ သုံးပါ

  • “ဒီလိုလုပ်တာ မှားတယ်” လို့ ပြောမယ့်အစား “တခြားနည်းလမ်းလေး စမ်းကြည့်ရင် ကောင်းမလား” ဆိုပြီး ပြောကြည့်ပါ။

အပြစ်တင်မယ့်အစား ဖြေရှင်းနည်းပေးပါ

  • ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတာထက် ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲ အာရုံစိုက်ပြီး ညှိညှိ နှိုင်းနှိုင်း ဖြေရှင်းသင့်ပါတယ်။ 

နားလည်မှု ယူပါ 

  • မရည်ရွယ်ဘဲ စိတ် အနှောင့်အယှက်ဖြစ်စေရင် ၊တောင်းပန်ဖို့လိုရင်  ရိုးရိုးသားသားနဲ့ နူးနူးညံ့ညံ့ ရှင်းပြ ၊ပြောပြပြီး နားလည်မှုယူပါနော်။ 

ထိုင်းလူမျိုးတစ်ဦးကို မျက်နှာပျက်စေမိရင်အထူးသဖြင့် လူအများရှေ့မှာဆိုရင် သူတို့ တိတ်ဆိတ်သွားတာ၊ စိတ်ပျက်အားငယ်တာ၊ ဒါမှမဟုတ် ဆက်ဆံရေးကနေ ရှောင်ဖယ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ထိုင်းယဉ်ကျေးမှုမှာ “မျက်နှာ” ရဲ့ အဓိပ္ပာယ်ကို နားလည်ပြီး လေးစားလိုက်နာခြင်းက မြန်မာတွေအနေနဲ့ ထိုင်းလူမျိုးတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ဖို့နဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်နော်။ 

Ref : the thailand life

Share.
Leave A Reply

Exit mobile version