ထိုင်းနိုင်ငံအတွင်း ဘဏ်ဝန်ထမ်းဟန်ဆောင်ကာ ဘဏ်အကောင့်တွေ ပိတ်သိမ်းဖို့/ဖွင့်လှစ်ဖို့ ခြိမ်းခြောက် လိမ်လည်မှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ SCB ဘဏ်က ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ သတိပေးထားတာ ဖြစ်ပါတယ်။
လိမ်လည်သူများမှာ SCB ဝန်ထမ်း အယောင်ဆောင်ပြီးနောက် ဘဏ်အကောင့်အကြောင်း မေးမြန်းကာ “အကောင့်ကို ခေတ္တရပ်ဆိုင်းဖို့လိုတယ်” ဆိုတဲ့ ခြိမ်းခြောက်မှုတွေ လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။ အဲဒီနောက် အသုံးပြုသူတွေရဲ့ ဘဏ်အချက်အလက်တွေကို ရယူသွားကြတာ ဖြစ်ပါတယ်။
ဘဏ်အကောင့်ဖွင့်ဖို့အတွက် ဘဏ်ကို ကိုယ်တိုင်သာသွားရမည်ဖြစ်ပြီး တခြားသူမှ တစ်ဆင့် လုပ်ပေးနိုင်တဲ့ မူဝါဒ မရှိဘူးလို့ ဘဏ်ဘက်က ကြေငြာထားပါတယ်။ ။ ဘဏ်တွေဘက်က အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက် အပါအဝင် ID, စကားဝှက်နဲ့ အကောင့်နံပတ်တွေကို တယ်လီဖုန်းနဲ့ လင့်ခ်တွေကတဆင့် တောင်းခံမှု မရှိကြောင်း ထပ်ပြီး အတည်ပြုထားပါတယ်။
ဘဏ်အသုံးပြုသူများ ရှောင်ရန်
- အခြားသူများ သို့မဟုတ် ဝဘ်ဆိုဒ်များမှ ပေးပို့သော လင့်ခ်များ သို့မဟုတ် ဝဘ်ဆိုဒ်များကို မနှိပ်ရန်
- App အသစ်တင်ရာမှာ Play Store / App Store မှသာ သုံးရန်
- ဗိုင်းရပ်စ်နှိမ်နင်းရေး ပရိုဂရမ်တစ်ခုကို ထည့်သွင်းပြီး ဗိုင်းရပ်စ်များရှင်းလင်းရန်
- လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ မသိသောသူများပေးပို့သော လင့်ခ်တွေကို မနှိပ်ရန်
- အမည်မသိသူက မေးမြန်းလာခြင်း ၊ လင့်ခ်ပေးခြင်း၊
- ကိုယ်ရေးအချက်အလက် တောင်းခြင်းတွေကို မယုံကြည်ရန်
- မယုံကြည်ရတဲ့ လင့်ခ်တစ်ခုနှိပ်မိလျှင် စကားဝှက်ပြောင်းရန် ၊ ဖုန်း reset လုပ်ရန်
ပြဿနာတစ်စုံတစ်ရာရှိပြီ ဆိုရင် လိမ်လည်သူနှင့် ဆက်သွယ်မှု screenshot ၊ ဖုန်း record စတဲ့အချက်အလက်တွေကို စုဆောင်းပြီး တရားဝင်တိုင်ကြားဖို့ သတိပေးထားပါတယ်။ မြန်မာပြည်မှာလည်း အလားတူ နည်းလမ်းတွေနဲ့ လိမ်လည်မှုတွေ ရှိနေတာဖြစ်ပြီး ထိုင်းနိုင်ငံရောက် ဘဏ်အသုံးပြုသူတွေအနေနဲ့ သတိထားရမှာ ဖြစ်ပါတယ်။
သတင်း – khaosod